ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု ရန်ပုံငွေအခက်အခဲကြောင့် ယာယီရပ်မည်

0
4089

ရန်ပုံငွေအခက်အခဲဖြစ်လာသည့်အတွက် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှုကို ဒီဇင်ဘာလ ၂၄ရက်မှစတင်ကာ ယာယီရပ်နားမည်ဖြစ်ကြောင်း ယင်းအသင်းခွဲ၏ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောသည်။

မော်တော်ယာဉ်ပြင်ဆင်စရိတ်အတွက် ရန်ပုံငွေလိုအပ်လာခြင်းနှင့် ပဋိပက္ခကာလအတွင်း အသင်းသားများ၏ လုံခြုံရေးကို တာဝန်ယူ၊ တာဝန်ခံနိုင်မည့်သူ မားမားမတ်မတ် မရှိခြင်းတို့ကြောင့် ယာယီရပ်နားရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကိုဗစ်ကာလတုန်းကတော့ အလှူငွေနဲ့ ပုံမှန်လည်ပတ်နိုင်တယ်။ ဒီအချိန်ထိပါပဲ။ အခုက ကားခြောက်စီးစာအတွက် ပြင်ဆင်စရိတ်လည်းလိုတယ်။ နောက်ပြီး အသင်းသားတွေ့ရဲ့ ကူညီသယ်ဆောင်တဲ့လမ်းကြောင်းမှာ ပြဿနာ တစ်စုံ တစ်ရာ ဖြစ်လာမယ်ဆိုရင် မားမားမတ်မတ်ရပ်တည်ပေးမည့်သူမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခရိုင်ဒုတပ်ဖွဲ့မှူး အဖမ်းခံရတဲ့ ဖြစ်စဉ်ကြည့်ပါ၊ အဲဒါသင်ခန်းစာပေါ့” ဟု အထက်ပါဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် ယခုလ ဒီဇင်ဘာ ၂၄ ရက်ကစပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ့၏ ထားဝယ်ခရိုင်လေးမြို့နယ် အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှု ယာယီရပ်နားမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ထားဝယ်ခရိုင်ကြက်ခြေနီအဖွဲ့၏ ဒုတပ်ဖွဲ့မှူးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက အရေးပါ်လူနာကူညီ ပို့ဆောင် နေစဉ် ဖမ်းဆီးခံရပြီး လေးရက်ကြာ စစ်ဆေးခံရပြီးနောက် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်လွတ်မြောက် လာခဲ့သည်။

အရေးပေါ် လူနာပို့ဆောင်ပေးသည့် ကားဝန်ဆောင်မှုမှလွှဲ၍ ကျန်လုပ်ငန်းများကိုမူ ဆက်လက်လုပ်ဆောင် သွားဦးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

သို့သော်လည်း ရန်ပုံငွေ ပြန်လည်ရရှိလာပါက အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုကို ပုံမှန်အတိုင်း ဆက်လက် ကူညီသယ်ဆောင်ပေးမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ညမထွက်ရအမိန့်နှင့် မြို့ဝင်ထွက်ဂိတ်များ ပိတ်ဆို့ထားသည့်အတွက် ည ၈နာရီနောက်ပိုင်း ကျန်းမာရေးကိစ္စများ အရေးပေါ်ဖြစ်လာပါက ဒေသခံများက ကြက်ခြေနီ အရေးပေါ်လူနာတင်ယာဉ် ကိုသာ အားထားရသည့်အတွက် ယခုလိုရပ်နားမည့်အပေါ်စိုးရိမ်မိသည်ဟု လောင်းလုံးဒေသခံတစ်ဦးက ပြောသည်။

“ထားဝယ်မြို့ပေါ်ကတော့ ကိစ္စမရှိဘူး။ ညရေးညတာ နယ်က အရေးပေါ်လူနာတွေအတွက်ကတော့ တော်တော်စိုးရိမ်စရာကောင်းတဲ့ အခြေနေပါတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်လေးမြို့နယ်ဖြစ်သည့် ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူစသောမြို့နယ်များက ဒေသခံများ သည် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း အရေးပေါ်ကျန်းမာရေးကိစ္စများဖြစ်လာပါက ဆေးရုံဆေးခန်းအမီ သွားရောက်နိုင်ရန် ကြက်ခြေနီအသင်း၏ အရေးပေါ်လူနာတင်ယာဉ်ကိုသာ အားထားရသည့် အခြေနေဖြစ်သည်။

ကြက်ခြေ‌နီအသင်းခွဲကဲ့သို့ ရန်ပုံငွေအခက်အခဲဖြစ်လာသည့်အတွက် ထားဝယ်မြို့၏ ပရဟိတအသင်းကြီး တစ်သင်း ဖြစ်သော ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့သည်လည်း ယခုနှစ် ဩဂုတ်လ ၁၁ ရက်မှ ၂၂ ရက် အထိ ၁၁ ရက်ကြာ ယာယီရပ်နားခဲ့ရသေးသည်။