ထားဝယ်နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ထောင် ၇ နှစ်စီထပ်ချ

0
3411
ထပ်တိုးထောင်ဒဏ် ချမှတ်ခံရသည့် ကိုမင်းဆက်မှူး(ဘယ်)နှင့်ကိုမြတ်ကျော်သူ(ညာ)

ထားဝယ်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦးကို စစ်ကောင်စီ ခရိုင်တရားရုံးက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထပ်တိုးထောင်ဒဏ် ၇ နှစ်စီဖြင့် ချမှတ်လိုက်သည်ဟု ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။

ထပ်တိုးအမိန့်ချခံထားရသူများမှာ ကိုမြတ်ကျော်သူ၊ ကိုမင်းဆက်မှူး၊ ကိုအောင်အောင်တို့ သုံးဦးဖြစ်သည်။

ထပ်တိုးထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်မှုကြောင့် ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံထားရသည့် ကိုမြတ်ကျော်သူက ၃၆ နှစ်၊ ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံထားရသည့် ကိုမင်းဆက်မှူးက ၃၅ နှစ်၊ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည့် ကိုအောင်အောင်က ၁၉ နှစ် အထိ ထောင်ဒဏ်ကျခံရတော့မည်ဖြစ်သည်ဟု အထက်ပါကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပေါက်ကွဲပုဒ်မလို့ပဲ သိရတယ်၊ ပေါက်ကွဲမှာက နံပါတ်တွေရှိတယ်၊ အဲ့ဒီထဲက ဘယ်ဟာလဲတော့ မသိရဘူး” ဟု ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူက ဆိုသည်။

ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဒန်နှင့် ယာဉ်မောင်းဖြစ်သူ ဦးဝေလင်းအောင်တို့နှစ်ဦးအား သတ်ဖြတ်မှုနှင့် ထားဝယ်မြို့ ဘုံမ္မော်ရပ်ကွက်စာရေး ဒေါ်စန်းစန်းဝေကို ပစ်ခတ်သတ်ဖြတ်မှု ကွင်းဆက်တရားခံများအဖြစ် ၎င်းတို့သုံးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက စက်တင်ဘာလအတွင်း ထုတ်ပြန်ထားသည်။

ထားဝယ်အကျဉ်းထောင်တွင် တရားရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၂၀၀ ဝန်းကျင်ခန့်ရှိပြီး အမိန့်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်ူသား ၂၀၀ ခန့်နှင့် အကျဉ်းသူ ၅၀ ဝန်းကျင်ခန့်ရှိသည်ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရသည်။