တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3036

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ

အီလွန်မတ်စ်ကို ကျော်၍ ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာတဲ့ ဘဲရ်နာ အာနိုး

ပြင်သစ် ဇိမ်ခံပစ္စည်းကုမ္ပဏီကြီး ဖြစ်တဲ့ LVMH ဥက္ကဌ ဘဲရ်နာအာနိုးက အီလွန်မတ်စ်ကို ကျော်ကာ ဘလူးဘတ် (Bloomberg) ရဲ့ ကမ္ဘာ့အချမ်းသာဆုံးလူစာရင်းမှာ နံပတ်တစ်နေရာကို ရောက်ရှိလာခဲ့ပါတယ်။

အာနိုးရဲ့ ချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ ၁၇၁ ဘီလျံဖြစ်ပြီး အီလွန်မတ်စ်ရဲ့ ချမ်းသာမှုက ကန်ဒေါ်လာ ၁၆၄ ဘီလျံ ရှိတယ်လို့ ဘလူးဘတ်၏ ဘီလျံနာ အညွှန်းကိန်း အချက်အလက်တွေကနေ ဖော်ပြထားပါတယ်။

တွစ်တာကုမ္ပဏီကို ဝယ်ယူခဲ့တဲ့အပြင် တက်စလာရဲ့ စတော့ရှယ်ယာဈေးတွေ ထိုးကျလာတာကြောင့် အီလွန်မတ်စ်ရဲ့ အသားတင် ပိုင်ဆိုင်မှုတွေ အခုနှစ်ထဲ ဒေါ်လာ ၁၀၇ ဘီလျံအထိ ကျဆင်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Louis Vuitton နဲ့ Tiffany လို ဇိမ်ခံပစ္စည်းကုမ္ပဏီကိုပိုင်တဲ့အာနိုးက ဘလူးဘတ်က သတ်မှတ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး နံပတ်တစ် နေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ဥရောပတိုက်သားလည်း ဖြစ်လာခဲ့ပါတယ်။

Ref: CNN

………………………………..

ယူကရိန်းဆောင်းအတွက် အရေးပေါ်လိုအပ်တဲ့ ယူရို တစ်ဘီလီယံ ရရှိမယ်

ရုရှားရဲ့ ထိုးစစ်ဆင်မှုကိုခံနိုင်ဖို့ ယူကရိန်းရဲ့ အနောက်နိုင်ငံမဟာမိတ်တွေကနေ ဆောင်းရာသီအတွက် နောက်ထပ်အကူအညီဖြစ်တဲ့ ယူရို ၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ကို ပေးအပ်သွားမယ်လို့ ဒီဇင်ဘာ ၁၃ ရက်နေ့က ကတိပြုခဲ့ကြပါတယ်။

သမ္မတ ဇလန်းစကီးရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ယူကရိန်းနိုင်ငံသားတွေ အခုနှစ်ဆောင်းရာသီကို ကျော်ဖြတ်နိုင်ဖို့ နိုင်ငံပေါင်း ၇၀ ခန့်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပါရီမှာ အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ယူကရိန်းအနေနဲ့ နိုင်ငံရဲ့ စွမ်းအင်ဏ္ဍကို ပြန်လည်မြှင့်တင်ဖို့ အချိန်တိုအတွင်း ယူရိုသန်း ၈၀၀ ဝန်းကျင် အကူအညီလိုအပ်ကြောင်းကို ဗီဒီယိုမက်ဆေ့ကနေ ပြောကြားခဲ့တာပါ။

ယူကရိန်းရဲ့ နေရာအတော်များများမှာ တစ်နေ့ နာရီအနည်းငယ်သာ မီးရရှိနေကာ နိုင်ငံတောင်ပိုင်း အိုဒက်ဆာပြည်နယ်မှာတော့ ရုရှား၏ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရက်အတော်ကြာ မီးမရရှိခဲ့ကြောင်း သိရပါတယ်။

Ref: CNA

………………………………..

ပီရူးမှာ အရေးပေါ်အခြေအနေကြေညာပြီး မငြိမ်မသက်မှု ဆက်ဖြစ်နေ

ပီရူးနိုင်ငံ အစိုးရအသစ်ကနေ ဒီဇင်ဘာ ၁၄ ရက်က နိုင်ငံတဝန်း ဆူပူမှုနဲ့ အကြမ်းဖက်မှုတွေကြောင့်ဆိုပြီး အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

ဆန္ဒပြသူတွေက ကွန်ဂရက်လွှတ်တော်ဖျက်သိမ်းဖို့နဲ့ သမ္မတသစ် ဒီနာဘိုလူအာတာ နုတ်ထွက်ပေးဖို့ တောင်းဆိုနေပြီး နိုင်ငံအနှံ့အပြားမှာ မငြိမ်သက်မှုတွေ ဆက်လက် ဖြစ်ပွားနေခဲ့တာပါ။

ပီရူးတောင်ပိုင်း ဆန်ရိုမန်ပြည်နယ်က ဟူလီယာကာမြို့မှာရှိတဲ့ ဆန္ဒပြသူတစုဟာ အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ဂိတ်တံခါးကို ဖြိုခွင်းဝင်ရောက်ပြီးတော့ လုပ်ငန်းတွေကိုလည်း ပိတ်ခိုင်းခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သီတင်းတပတ်ကြာ ဆန္ဒပြမှုတွေနဲ့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားပြီးနောက် ဆယ်ကျော်သက်တွေအပါအဝင် သေဆုံးသူဦးရေ ၁၅ ဦး အထိရှိလာခဲ့ပြီး အများစုကတော့ သေနတ်နဲ့ပစ်ခတ်ခံခဲ့ကြရတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ သမ္မတဟောင်း ကက်စတီလိုကတော့ ပုန်ကန်မှုနဲ့ ပူးပေါင်းကြံစည်မှုတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။

Ref: The Guardian

………………………………..

အီရန်နိုင်ငံကို ကုလသမဂ္ဂအမျိုးသမီးအဖွဲ့မှ ထုတ်ပယ်

အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ဆန့်ကျင်တဲ့ မူဝါဒကြောင့် အီရန်နိုင်ငံကို ဒီဇင်ဘာ ၁၄ ရက်က ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ကနေ ဖယ်ထုတ်လိုက်ပါတယ်။

အချုပ်ခန်းအတွင်း အမျိုးသမီးငယ်တဦး သေဆုံးခဲ့ရာကနေ အစပြုလာတဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲပြီးတဲ့နောက် အဖွဲ့ဝင် ၅၄ ဦးပါ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီက ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို ချက်ချင်းဖယ်ရှားဖို့အတွက် အမေရိကန်က ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်ကို မဲခွဲချိန်မှာ ထောက်ခံမဲ ၂၉ မဲ၊ ကန့်ကွက်မဲ ၈ မဲနဲ့ ကြားနေမဲ ၁၆ မဲ နဲ့အတည်ပြုခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးကတော့ အမေရိကန်ရဲ့လုပ်ရပ်ဟာ တရားမဝင်ဘူးလို့ ပြောဆိုပြီး အမေရိကန်ရဲ့ အနိုင်ကျင့်မှုလို့ ဖော်ပြခဲ့ပါတယ်။

Ref: The New York Times

………………………………..

ကွန်ဂိုတွင် ရေကြီးရေလျှံ‌မှုကြောင့် လူ ၁၂၀ ထက်မနည်းသေဆုံး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ မြို့တော် ကင်ရှာဆာမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ရေကြီးမှုတွေ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၁၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူအများစုကတော့ တောင်ကုန်းဘက်က အိမ်တွေမှာ နေတဲ့သူတွေဖြစ်ကြပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့ကဖြစ်ခဲ့တဲ့ ရေကြီးမှု မြေပြိုမှုတွေကြောင့် မိသားစုလိုက် အိမ်တွေထဲ ပါသွားခဲ့ကြတာဖြစ်ပါတယ်။

အစိုးရကတော့ ၃ ရက်တာကာလကို နိုင်ငံရဲ့ ဝမ်းနည်းခြင်းနေ့တွေအဖြစ် ကြေညာခဲ့ပါတယ်။

ရေကြီးမှုကြောင့် တစ်မြို့လုံး ရွှံ့ရေတွေ လွှမ်းမိုးခဲ့တဲ့အပြင် မြေကျွံပေါက်တွေ ဖြစ်ပေါ်လာခဲ့ပြီး မြို့တော် ကင်ရှာဆာနဲ့ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ မာတာဒီကို ဆက်သွယ်ပေးထားတဲ့ အမှတ် ၁ အမျိုးသားလမ်းမကြီး (N1) နဲ့အတူ အိမ်တွေ လမ်းတွေပါ ပျက်စီးခဲ့ကြတာပါ။

Ref: BBC

………………………………..

ချစ်ပ်ပြားတင်ပို့မှု ကန့်သတ်ချက်အပေါ် အမေရိကန်ကို တရုတ်တရားစွဲ

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ဝါရှင်တန်ကနေ ချစ်ပ်ပြားတင်ပို့မှု ကန့်သတ်လိုက်တာနဲ့ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှာ တရားစွဲဆိုလိုက်တယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကနေ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ တပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကို အားနည်းစေဖို့ရည်ရွယ်ချက်နဲ့ အမေရိကန်က အောက်တိုဘာလမှာ စည်းမျဉ်းအသစ်တွေကို အတည်ပြုခဲ့ပြီးနောက်ပိုင်းမှာ တရုတ်ထိပ်တန်းကုန်သွယ်ရေးအဖွဲ့မှ တိုင်ကြားစာထွက်ပေါ်လာခဲ့ပါတယ်။

ယခုကိစ္စနဲ့ ပက်သက်လို့ တရုတ်ဘက်က နစ်နာရတဲ့ အကျိုးစီးပွားတွေနဲ့ စိုးရိမ်ပူပန်ရမှုတွေကို ဖြေရှင်းဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ မူဘောင်ထဲကနေ အရေးယူဆောင်ရွက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမေရိကန်ရဲ့ ယခုလုပ်ရပ်ဟာ ကမ္ဘာ့စက်မှုလုပ်ငန်းထောက်ပံ့ရေးရဲ့ တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Ref: Aljazeera

………………………………..

မလေးရှားမြေပြိုမှု အနည်းဆုံး ၁၆ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်ရှိ အပန်းဖြေနေရာတခုမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က မြေပြိုပြီးနောက် အနည်းဆုံး လူ ၁၆ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကွာလာလမ်ပူရဲ့ မြောက်ဘက် ဆင်ခြေဖုံးရှိ ဆီလန်ဂေါပြည်နယ်အပိုင်ထဲမှာ အပန်းဖြေစခန်းချတဲ့ လယ်တောအိမ်တလုံးရဲ့ အနီးအနားမှာ မနက် ၃ နာရီလောက်က မြေပြိုကျခဲ့တာပါ။

မြေပြိုမှုအထဲ စုစုပေါင်း လူ ၉၀ ကျော် ကြုံတွေ့ခဲ့ရပြီး ၅၃ ဦးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဌာနက ပြောပါတယ်။

မြေကြီးထဲ ပိတ်မိနေသေးတဲ့သူတွေကို ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ဆိုထားပါတယ်။

Ref: BBC

………………………………..

ဂျပန်ရဲ့ ပထမဆုံး လပေါ် အာကာသယာဉ်တစ်စီး ပစ်လွှတ်

ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော လပေါ်သွားမယ့် အာကာသယာဉ်လည်းဖြစ်၊ ပထမဆုံး ပုဂ္ဂလိက အာကာသ ယာဉ်လည်းဖြစ်တဲ့ လူမဲ့အာကာသယာဉ်တစ်စင်းကို ဒီဇင်ဘာ ၁၁ ရက်မှာ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။

အီလွန်မတ်စ်ရဲ့ Space X ကုမ္ပဏီက Falcon 9 ဒုံးပျံနဲ့ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် ကာနာဗာရယ်အငူ ဒုံးလွှတ်စခန်းကနေ နှစ်ကြိမ်ရွှေ့ဆိုင်ခံရပြီးနောက် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တာပါ။

ထိုအာကာသယာဉ်လွှတ်တင်တာက iSpace ကုမ္ပဏီရဲ့ Hakuto-R လိုခေါ်တဲ့ အာကာသအစီအစဉ်ရဲ့ ပထမအဆင့်ဖြစ်တယ်လို သိရပါတယ်။

ကျွန်တော်တို့ရဲ့ ပထမဆုံး လသွားခရီးစဉ်က လကမ္ဘာရဲ့အခြေအနေကို ဖော်ထုတ်ပြီး စီးပွားရေးစနစ်တစ်ခုအနေနဲ့ အခြေခံအုတ်မြစ်ချသွားမယ်လို့ iSpace ကုမ္ပဏီရဲ့ ဒါရိုက်တာက ဆိုထားပါတယ်။

Ref: CNA

………………………………..

နယူးဇီလန်တွင် အနာဂတ်လူငယ်တွေကို ဆေးလိပ်ဝယ်ခွင့်တားမြစ်

နယူးဇီလန်နိုင်ငံဟာ အနာဂတ်လူငယ်တွေကို ဆေးရွက်ကြီးထွက်ကုန်တွေ ဝယ်ယူခွင့်နဲ့ ဆေးလိပ်ဝယ်ယူခွင့် တားမြစ်တဲ့ ဥပဒေအသစ်ကို ဒီဇင်ဘာ ၁၃ ရက်က အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။

ဒီဥပဒေသစ်ဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးဖွားသူတိုင်းကို ဆေးလိပ်ရောင်းချတာ တားမြစ်တာလည်း ပါဝင်ပြီး ချိုးဖောက်ပါက ဒဏ်ငွေအားဖြင့် နယူးဇီလန်ဒေါ်လာ ၁ သိန်းခွဲအထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

အဆိုပါတားမြစ်ချက်မှာတော့ လူငယ်တွေကြား ရေပန်းစားနေခဲ့တဲ့ လျှပ်စစ်စီးကရက် Vape တော့ မပါဝင်ခဲ့ပါဘူး။

နယူးဇီလန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ တိုင်းပြည်ကို ဆေးလိပ်ကင်းစင်စေဖို့ တွန်းအားပေးမှု တစိတ်တပိုင်းအနေနဲ့ ဆေးလိပ်သောက်ခြင်းဆန့်ကျင်ရေး ဥပဒေတွေကို ပိုမိုတင်းကျပ်လာတာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

အီရန်ရွာသားတစ်ဦးက ကမ္ဘာ့အရပ်ပုဆုံးအမျိုးသားအဖြစ် စံချိန်ချိုး

ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အရပ် ၂ ပေ ၁ ဒသမ ၆၈ လက်မသာရှိတဲ့ အီရန်ရွာသားတစ်ဦးကို ကမ္ဘာ့အရပ်ပုဆုံးအမျိုးသားအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

သူကတော့ အီရန်နိုင်ငံ၊ အနောက်အဇာဘိုင်ဂျန်ပြည်နယ်က ဝေးလံခေါင်သီတဲ့ရွာတစ်ရွာက အသက် ၂၀ အရွယ် အက်ဖ်ရှင် အက်မာအီလ် ဂါဒါဇာဒီချ် (Afshin Esmaeil Ghaderzadeh) ဆိုသူပါ။

သူဟာ အရင်က ကမ္ဘာ့အရပ်ပုဆုံးအမျိုးသားအဖြစ် စံချိန်ချိုးခဲ့သူထက် ၆.၈၆ စင်တီမီတာ ပိုပုပါတယ်။

ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းဒူဘိုင်းရုံးမှာ ပြုလုပ်ထားတဲ့ အရပ်တိုင်းတာတဲ့အခမ်းအနားကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းရဲ့ အယ်ဒီတာချုပ်နဲ့ အကဲဖြတ်လူကြီးတို့ နှစ်ဦးစလုံး တက်ရောက်ခဲ့ပြီး သူ့ရဲ့အရပ်ကို ၃ ခေါက် တိုင်းတာခဲ့တာပါ။

၃ နှစ်အရွယ်ကလေးတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ရတဲ့ ဘောလုံးဝါသနာရှင် အက်ဖ်ရှင်ဟာ သူ့ရဲ့အခုအောင်မြင်မှုမှတ်တမ်းက သူ့ကို စောင့်ရှောက်ဖို့အတွက် ငွေကြေးရှာဖွေရခက်ခဲနေတဲ့ သူ့မိဘတွေကို ထောက်ပံ့ကူညီပေးနိုင်မယ်လို့မျှော်လင့်နေပါတယ်။

Ref: The Mirror

………………………………..