အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
4166

အခန်း(၂၇)

အသက်(၆၀)အရွယ်သတို့သားနှင့် အသက် (၄၅) နှစ်အရွယ်အရွယ်သတို့သမီး ။

ထွန်းရင် နှင့် မြနှစ်။

ကြေးမုံက ငွေတစ်‌သောင်းတိတိထည့်ထားသော မင်္ဂလာလက်ဖွဲ့ထုတ်ကို သတို့သား၏ လက်သို့ အပ်လိုက်သည်။

သတို့သားမှ သတို့သမီးထံလက်လွှဲသည်။

“အကိုကြီးကိုထွန်းရင် တို့ ဘယ်မှာနေကြမယ်စိတ်ကူးလဲ”

“မြနှစ်နဲ့အတူ…သူတို့အညာကို ပြန်မယ်ကွာ…ဒီမှာ ငါစုခဲ့ဆောင်းခဲ့တာလေး နဲ့ဆို မြနှစ်လည်း ဟိုမှာ လုပ်တတ်ကိုင်တတ်ပါတယ်.အသက်လည်းကြီးလှပြီ..ငါလည်း မိသားစုဘဝနဲ့ အေးအေးနေတော့မယ်..စိတ်ကူးတယ်”

“အင်း..ကောင်းပါတယ်..ဒါနဲ့ ဆရာကြီး ရော”

“အပေါ်ထပ်မှာ ရွှေငါးသိန်းမြင့်နဲ့ စကားပြောနေတယ်…မင်းကို စောင့်နေကြတာထင်တယ်”

ကြေးမုံက အပေါ်သို့ တက်ရန် ပြင်လိုက်သည်။

“ကြေးမုံ…နေဦး”

ထွန်းရင်က ကြေးမုံ လက်ကို ဆွဲလိုက်သည်။

“သတ်လိုက်ကြ သေလိုက်ကြ ဒီသံသရာကြီးထဲက ရုန်းထွက်ဖို့ မင်းအတွက် အချိန်မှီသေးတယ်နော်..ငါ‌ရွှေပြည်အေး တရားဟော နေတယ်တော့ မထင်နဲ့.. မင်းအရွယ်တုန်းက ငါလည်း ဒီလိုပဲ…ဧရာမရှိတော့ မင်းကို ငါ့တူလို သားလိုဖြစ်နေလို့ ပြောတာ”

ကြေးမုံက ထွန်းရင်ကို ပြုံးပြလိုက်ပြီး အိမ်ပေါ်သို့ တက်ခဲ့လိုက်သည်။

“ရပြီ..မောင်သိန်းမြင့်…မင်းသွားလို့ရပြီ”

ကြေးမုံတက်လာသည်ကို မြင်သည်နှင့် ရွှေငါးသိန်းမြင့်ကို စိန်ဓါးမြှောင်က ပြန်ခိုင်းလိုက်သည်။

စိန်ဓါးမြှောင်ဘေးတွင် ယခင်က ထောက်လှမ်းရေးတပ်ကြပ်ကြီးဟောင်းဖြစ်ခဲ့ဖူးပြီး ယခု စိန်ဓါးမြှောင်၏ တပည့်ဖြစ်နေသူ ကိုထွန်းမြင့် လည်း ထိုင်နေ၏။

“ဆရာကြီး အခြေအနေဘယ်လိုလဲ”

“အေး…ခုနသွားတာ ရွှေငါးသိန်းမြင့်တဲ့…ငါ သူနဲ့ စကားပြောကြည့်ပြီးသွားပြီ..ဗိုလ်မှူးဘိုနီမိသားစုနဲ့ သူနဲ့အတော်ရင်းနှီးကြတယ်ကွ..အဝင်အထွက်တွေပေါ့ကွာ…အခြေအနေကတော့ ဗိုလ်မှူးဘိုနီက ငွေအတော်လိုနေတာ..အဓိကတော့ သူ့မိသားစုအတွက် အိမ်တစ်လုံးလိုချင်နေတာကွာ..မျက်မှန်ကြီးကတော့ သူတို့ထောက်လှမ်းရေးတပ်တွေ စစ်ရုံးကနေ ခွဲထွက်ပြီး ကုန်းမြင့်သာကို ရွှေ့ရင် သူ့ကို ကုန်းမြင့်သာမှာ အရာရှိအိမ်တစ်လုံး သီးသန့်ပေးနေမယ်လို့ ပြောထားတာရှိတယ်..ဒါပေမယ့် ဗိုလ်မှူးဘိုနီ လိုချင်တာက ကိုယ်ပိုင်အိမ်ကွ…အဲ့ဒီကိစ္စ ရွှေငါးသိန်းမြင့်ကိုလည်းသူက ရင်ဖွင့်တတ်တယ်တဲ့…အဲ့ဒါကတော့ ဗိုလ်မှူးဘိုနီ ရဲ့ ပျော့ကွက်ပဲ..နောက်တစ်ခုက မျက်မှန်ကြီးတို့က စစ်ရုံးကနေ ထောက်လှမ်းရေးရုံးကို ခွဲထွက်တာက မျက်မှန်ကြီးနဲ့ ဒုကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမယ်လို့ ရေပန်းစားနေတဲ့ ဗိုလ်မှူးချုပ် သူရတင်ဦး နဲ့ က မတည့်ကြလို့တဲ့…အဲ့ဒါလည်း ငါတို့ ထည့်စဥ်းစားထားရမယ့်အချက်ပဲ”

ကြေးမုံ က ခေါင်းကို ခပ်ဖြည်းဖြည်းညိတ်လိုက်သည်။

“ဒီအိမ်ကိစ္စနဲ့ဆို ဗိုလ်မှူးဘိုနီကို ကျွန်တော် ချဥ်းကပ်လို့ရမယ်”

“အေးဟုတ်တယ်..မင်းတခါပြောဖူးတယ်..ဘိုနီက မင်းကို လုပ်ငန်းငွေကြေးကိစ္စ စကားစတယ်ဆိုတာ..အဲ့ဒီတော့ မင်းလုပ်ငန်းနဲ့ သူ့ကို မျှားကွာ..သူအိမ်လည်းပိုင်မယ်မဟုတ်လား…သူနဲ့လုပ်သမျှ အားလုံးကို မင်းဘက်က အချက်အလက်တွေသေချာစုထား..ပြီးရင် ငါ့ဆီလာပေး..ရွှေငါးသိန်းမြင့်နဲ့ ဘိုနီနဲ့ ကိစ္စကိုလည်း ငါက ရသလောက်နှိုက်ထာမယ်….ရသမျှ အချက်အလက်အားလုံးကို ဟော့ဒီက ကိုထွန်းမြင့် က ဖိုင်တစ်ခု သီးသန့် လုပ်ပေးထားလိမ့်မယ်..သူက ထောက်လှမ်းရေးကလာခဲ့တာဆိုတော့ ရီပို့ကိစ္စ ကျွမ်းတယ်”

“အဲ့ဒါတွေလုပ်ပြီး ..ကျွန်တော်တို့ ဘာလုပ်ရမလဲ”

“မျက်မှန်ကြီးရဲ့ အားအကိုးရဆုံး အချစ်ဆုံး လူယုံတစ်ယောက်ရဲ့ ပြစ်မှုပြစ်ချက်တွေ နံပါတ်ဝမ်းကြီးဆီ ရောက်သွားရင် မျက်မှန်ကြီးအပေါ် အဘိုးကြီးက စိတ်ခုမှာပဲ..စိတ်ဆိုးမှာပဲ..ဒါပြီးရင်တော့ မျက်မှန်ကြီးရဲ့ နိဂုံးကို သူ့ကို မုန်းကြတဲ့ တပ်ထဲက ဗိုလ်ချုပ်တွေက ဖန်တီးပေးသွားလိမ့်မယ်…ငါတို့က ပွဲကြည့်စင်ကနေ ရှုစားကြရုံပဲ..ကြေးမုံ”

“အဲ့ဒီဖိုင် အဘိုးကြီးဆီ ရောက်အောင် ဘယ်လိုပို့ကြမှာလဲ”

“ငါမင်းကို တလောက ပြောခဲ့ပါတယ်..အခု အဘိုးကြီးဘေးကို ကစ်တီပြန်ရောက်နေပြီ..ကစ်တီကလည်း သူ အိမ်ပေါ်က နှင်ချခံရတဲ့ကိစ္စမှာ မျက်မှန်ကြီးစနက်ဆိုတာသိလို့ ဒီကောင်ကြီးကို မုန်းနေတာဆိုတော့…”

စိန်ဓါးမြှောင်က စကားကို အဆုံးအထိမပြောပဲ ကွမ်းယာတစ်ယာကို ပါးစပ်ထဲသို့ ထိုးထည့်ပြီး မြုံနေလိုက်သည်။

“ဒီတခေါက် မှောင်ခိုအမြတ်တွေ ကိစ္စ ဗိုလ်မှူးဘိုနီ ဆီ စာရင်းအပ်တဲ့အခါ..သူ့ကို အိမ်ကိစ္စ စကားစပြီးပြောလိုက်မယ်..ပြီးရင် ကျွန်တော်သွင်းတဲ့ အရက်မှောင်ခိုတွေကိစ္စမှာ ဌာနဆိုင်ရာဆီကို သူ့ကတဆင့် လာဘ်ထိုးခိုင်းလိုက်မယ်..သူ့ကိုလည်း ရတဲ့အမြတ်အကုန်ပေးလိုက်မယ်…အဲ့ဒီအချက်အလက်အားလုံးလည်း ဦးထွန်းမြင့်ကို ကျွန်တော်ပေးထားလိုက်မယ်”

စိန်ဓါးမြှောင်က ထွေးခံထဲသို့ ကွမ်းတံတွေးကို ထွေးလိုက်ပြီး ခေါင်းညိတ်ကာ ပြုံးလိုက်၏။

………………………………..

၁၉၇၂ ခုနှစ်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ မှ ဦနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ အုပ်ချုပ်ရေးဆီသို့ ကူးပြောင်းရန် ခြေလှမ်းများ စတင်ပြင်ဆင်လာခဲ့သည်။

၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် အာဏာသိမ်းကောင်စီတွင် ပါဝင်ခဲ့သော ဗိုလ်ချုပ်များကို တစ်ဦးပြီးတစ်ဦး နည်းမျိုးစုံဖြင့် ထုတ်ပယ်ပစ်ခဲ့၏။

မူလပထမ တော်လှန်ရေးကောင်စီဝင်များထဲမှ ဦးနေဝင်း၊ ဦးစိန်လွင် နှင့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစန်းယု တို့သာ ကျန်ရစ်ကြသည်။

၁၉၇၂ တွင် အရပ်သားများထဲမှ ဦးဘညိမ်၊ ဦးဘငြိမ်း၊ ဒေါက်တာမောင်မောင်နှင့် မန်းသာမြိုင် တို့ ပါဝင်လာခဲ့သည်။

စစ်အာဏာသိမ်းပြီး ထို ဆယ်နှစ်တာ ကာလအတွင်း တိုင်းပြည်၏ စီးပွားရေးမှာလည်း သိသိသာသာထိုးဆင်းသွားတော့သည်။

လွတ်လပ်ရေးရပြီးစ ၁၉၄၈ မှ ၁၉၅၈ ကာလအတွင်း အရပ်သားအုပ်ချုပ်ရေးစနစ်တွင် ဦးမော့နိုင်ခဲ့သော စီးပွားရေးမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အနည်းငယ် အထိ အရှိရနေခဲ့သော်လည်း တဖြည်းဖြည်း လုံးပါး ပါးသွားခဲ့ပြီဖြစ်သည်။

ကျွန်းသစ်၊ရေနံ စသည်တို့မှလွဲပြီး ပြည်ပပို့ကုန်လုံးဝနီးပါးမရှိတော့။

နိုင်ငံခြားငွေဖြင့် သွင်းကုန်များတင်သွင်းရာတွင်လည်း ပြည်သူများအတွက် အသုံးဝင်မည့် အခြေခံပစ္စည်းများကို တစ်ခုပြီးတစ်ခု ပိတ်ပင်ခဲ့သည်။

သို့သော် ထိပ်ပိုင်းစစ်အာဏာပိုင်များအတွက် ဇိမ်ခံကားအများအပြားကိုမူ တင်သွင်းခဲ့ကြကြောင်း နိုင်ငံတကာစီးပွားရေးမှတ်တမ်းများက ဖော်ပြခဲ့သည်။

တိုင်းပြည်ကို တပါတီစနစ်အသွင်ပြောင်းကာ အစိုးရဖြစ်လာတော့မည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီအတွင်းမှ အငြိမ်းစားတပ်မတော်အရာရှိကြီးများမှ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရစီးပွားရေးလုပ်ငန်း‌ကော်ပိုရေးရှင်း များတွင် နေရာယူလာကြသည်။

စစ်ဘက်အရာရှိများမှာ ဌာနဆိုင်ရာများ၊ မတရားသိမ်းပိုက်ထားသည့်လုပ်ငန်းများတွင် ဝင်ရောက်ခြယ်လှယ်ပြီး အဂတိလိုက်စားမှုများကို ပိုမိုများပြားလာသည်။

ရထားလမ်း၊ ကားလမ်းပေါ်တွင် မှောင်ခိုစီးပွားရေးစနစ်ထွန်းကားသည်သာမက ဌာနဆိုင်ရာများ ၊ စီးပွားရေးလုပ်ငန်းများ တွင်လည်း မှောင်ခိုစနစ်ပေါ်ပေါက်လာခဲ့သည်။

စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်ဆိုသည့် ခေါင်းစဥ်အောက်တွင် ဝန်ကြီးဌာနများက ချုပ်ကိုင်ထားကြသည်။

ထို့ကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ချင်သူများအနေဖြင့် ဝန်ကြီးဌာနအဆင့်ဆင့်ကို ငွေကြေးပေါင်းများစွာ လာဘ်ထိုးခဲ့ရသည်။

တော်လှန်‌ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီမှ အရာရှိကြီးများ၊ စစ်ဘက်ထိပ်တန်းအရာရှိကြီးများသည် အခွင့်အရေးမျိုးစုံကို ရယူပြီး လူတန်းစားတစ်ရပ်ကို သီးသန့်ထူထောင်လာခဲ့ကြသည်။

အဆိုးဆုံးမှာ ထိုလူတန်းစား၏ ခေါင်းပုံဖြတ်မှုမှာ အခြေခံပြည်သူလူထုကို တိုက်ရိုက်ထိခိုက်စေခြင်းပင်ဖြစ်သည်။

နိုင်ငံခြားမှ တင်သွင်းခွင့်မပြုသော ဆေးဝါးကို ပြည်တွင်း ဘီပီအိုင်မှထုတ်လုပ်သည်။ ဘီပီအိုင်ဆေးကို ပြည်သူလူထုက ဝယ်ယူခြင်တိုင်းဝယ်ယူခွင့်မရှိ။ လုပ်ပိုင်ခွင့်ရရှိထားသော အခွင့်ထူးခံလူတန်းစားများမှတဆင့် ဆေးဝါးများကို တန်ဖိုးကြီးစွာပေးဝယ်ကြရသည်။

တော်လှန်ရေးကောင်စီ လက်အောက်ခံ စီးပွားရေးသောင်းကျန်းမှုနှိမ်နင်းရေးကော်မတီ ကလည်း ထိုဌာနများရှိ ထိပ်သီးအရာရှိကြီးများမှသည် စာရေးစာချီအထိ စောင့်ကြည့်နေကြပြီး အတိမ်းအစောင်းမခံသည့်အခြေအနေဖြစ်နေကြသည်။

ကာကွယ်ရေးဝန်ကြီးဌာန နှင့် လမ်းစဥ်ပါတီတို့ကြားတွင်လည်း အာဏာတိုက်ပွဲများဖြစ်လာခဲ့သည်။

အခြေခံကျသော အုပ်ချုပ်ရေးအဆင့်ဖြစ်သည့် ခရိုင်နှင့် တိုင်းများတွင်လည်း အာမီ နှင့် ပါတီကြား အားပြိုင်မှုများကြောင့် အုပ်ချုပ်ရေးယို့ယွင်းလာခဲ့သည်။

သို့သော် ဗိုလ်ချုပ်ကြီးနေဝင်းအနေဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေါင်းဆောင်များမှာ တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြုရမည့်သူများအဖြစ် လေ့ကျင့်မွေးမြူခဲ့ခြင်းဖြစ်သည့်အတွက် ထိုသူများကို အရေးယူရန် အခက်တွေ့နေသည်။

နောက်ဆုံးတွင် ထိုသူများအစား သူတို့နှင့် မကင်းရာမကင်းကြောင်း စီးပွားရေးလုပ်မိသည့် စီးပွားရေးသမားများကိုသာ ဖမ်းဆီးထောင်ချခြင်းဖြင့် ဖြေရှင်းခဲ့သည်။

ထိုအခြေအနေတွင် ကြေးမုံသည် ဖလော်ရင့်မောင်စိန်၏ လိမ္မော်အရက်ကို ဖြန့်ဖြူးခွင့်ရခဲ့သကဲ့သို့ ဖလော်ရင့်မောင်စိန်သည် ကြေးမုံ၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်လာသည်။

ရန်ကုန်မြို့ရှိ အထက်တန်းစားများအတွက် နိုင်ငံခြားအရက်များမှောင်ခိုသွင်းပေးသည့်အလုပ်ကိုပါ လုပ်ခွင့်ရခဲ့သည်။

တဖက်တွင်လည်း ကြေးမုံသည် ဒုတိယဗိုလ်မှူးကြီး ရာထူးတိုးသွားပြီဖြစ်သည့် ဦးဘိုနီ နှင့် လျှို့ဝှက်စီးပွားဘက်ဖြစ်လာခဲ့၏။

ကြေးမုံ၏ စီးပွားရေးမှာ ပိုမိုကောင်းမွန်လာခဲ့သည်။ သို့သော် ကြေးမုံက ကားတစ်စီး၊ အိမ်တစ်လုံးမှ လွဲပြီး ငွေကြေးများကို ဖောဖောသီသီမသုံးစွဲခဲ့။

စိန်ဓါးမြှောင်ထံတွင် သွားရောက်သိုဝှက်ထားခဲ့သည်။ မျက်မှန်ကြီးအား ဖြုတ်ချရန်အတွက် သူတို့၏ စီမံကိန်းကိုလည်း စနစ်တကျ လုပ်ဆောင်နေခဲ့ကြသည်။

ကြေးမုံ ၏ ညများစွာသည်လည်း ရန်ကုန်မှ ခြင်ထောင် နှင့် မော်လမြိုင်မှ ခြင်ထောင်အကြား ကူးပြောင်းရင်းဖြင့် ကုန်လွန်ခဲ့ပေပြီ။

………………………………..

၁၉၇၂ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့။

“ကစ်တီ အင်္ဂလန်မှာ ဆုံးသွားပြီ..”

စိန်ဓါးမြှောင်၏ လေသံက ခြောက်သွေ့သွေ့နိုင်လွန်းလှ၏။

“ဟုတ်ရဲ့လားဗျာ”

“ဟုတ်တယ်…စက်တင်ဘာ ၃၀ ကဆုံးတာ…သူ့ကျောက်ကပ်မသက်သာလို့ လန်ဒန်မှာ ဆေးရုံသွားတက်ရင်း ဆုံးတာ..သတင်းက စစ်ရုံးအသိုင်းအဝိုင်းကနေ ကိုထွန်းမြင့်ကိုယ်တိုင်ရလာတာ သေချာတယ်..ကြေးမုံ”

“ဖိုင်တွဲကိစ္စ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

“ကစ်တီ ဒီလိုဖြစ်သွားတာ ကံကြမ္မာက ငါတို့လမ်းကြောင်းကို နည်းနည်း ပိတ်လိုက်တဲ့သဘောကွ….ဥာဏ်ကို ပိုသုံးဖို့ လိုလာပြီပေါ့ကွာ..ကိုထွန်းမြင့် ခင်ဗျား လုပ်ထားတဲ့ ဖိုင် ခဏပြစမ်းဗျာ”

ကိုထွန်းမြင့် က ထသွားပြီးနောက် ဖိုင်တစ်ခုဖြင့် ပြန်လာသည်။

စိန်ဓါးမြှောင်က ဖိုင်တွဲကို သေချာဖတ်နေ၏။

“ရွှေငါးမိန်းမနဲ့ ဘိုနီမိန်းမ အတော်အတွဲမိနေတယ်ကွ..စင်္ကာပူကို စျေးဝယ်ထွက်ချင်တယ်လို့လဲ ပြောနေကြတယ်… အဲ့ဒါ ငါတို့စောင့်ရမယ့်အကွက်ကောင်းပဲ”

“ဘောက်ထော်က အိမ်တစ်လုံးကိုလည်း သူတော်တော်သဘောကျနေတယ်..ကျွန်တော့် ငွေထဲကနေ စိုက်ဝယ်ပေးဖို့ လုပ်ထားသေးတယ်”

စိန်ဓါးမြှောင်က ဖိုင်ကို ကြေးမုံထံ ကမ်းပေးလိုက်သည်။ ကြေးမုံက ဖိုင်ထဲမှ အချက်အလက်များကို ဖတ်ကြည့်နေ၏။

“ကျွန်တော်တော့ သိပ်နားမလည်ဘူး..တချို့ဟာတွေကတော့ ဆရာကြီးပဲ လုပ်ပေးပါ..လိုအပ်တာကျွန်တော့်ကို ပြောပေါ့”

“ငါမှာချင်တာကတော့ ငါတို့ လုပ်မယ့်အလုပ်က သူများကို အပြတ်ရှင်းချင်တာနော်..ကြေးမုံ..ကိုယ့်ဘက်ကိုလည်း အချိန်မရွေးပြန်လှည့်လာနိုင်တယ်..ကစ်တီ မရှိ‌တော့ဘူးဆိုတော့ ငါတို့မှာ ဘက်ဂရောင်းပျောက်သွားတာပဲ… ဒီတော့ အခုက စပြီး ဘာလုပ်လုပ်သတိထားပါ..ဘယ်သူ့ကိုမှ မယုံနဲ့…စိတ်ခံစားမှုအလိုကို သိပ်မလိုက်နဲ့..”

၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၊ ည (၁၀)နာရီ။

လွတ်လပ်ရေးနေ့ ညစာစားပွဲမှ ပြန်လာပြီးနောက် နံပါတ်ဝမ်းကြီးဟု ဥက္ကဌကြီးသည် အလုံအိမ်တော်၏ အခန်းတစ်ခုထဲတွင် ဝီစကီကို ဇိမ်ခံသောက်လိုက်ရင်း သူ့ရှေ့စားပွဲမှ ဓာတ်ပုံတစ်ပုံကို တစိမ့်စိမ့်ကြည့်နေသည်။

ထို့နောက် သူ့ရှေ့တွင် ရှိသော ဘဲလ်ကို တီးလိုက်၏။

အသားဖြူဖြူ၊ လူကောင်သေးသေးဖြင့် ဗိုလ်ကြီးတစ်ဦးဝင်လာသည်။

ထိုဗိုလ်ကြီးမှာ ကျောက်တန်းဇာတိဖြစ်ပြီး ပေါင်းတည်မြို့ရှိ ကျောင်းတစ်‌ကျောင်းတွင် ကျောင်းဆရာလုပ်နေရာမှ နံပါတ်ဝမ်းကြီးမှ တွေ့ရှိခဲ့ပြီး သဘောကျသဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဗိုလ်လောင်းသင်တန်းဆင်းပြီးနောက် နံပါတ်ဝမ်းကြီးနားခေါ်ယူကာ ကိုယ်ရေးအရာရှိအဖြစ်ခန့်အပ်ထားခြင်းလည်းဖြစ်သည်။

သူသည် နံပါတ်ဝမ်းကြီး၏ အလိုက်ကို သိတတ်လွန်းသည်ဟု တပ်အရာရှိများအကြား နာမည်ကျော်သည်။

“ဟိုကောင်တွေကိုပြောလိုက်…ငါ့စားချင်တာက မျှစ်ကွ..ဒီကောင်တွေက ငါ့ကို ဝါး တွေချည်း ကျွေးမလို့လုပ်နေတယ်..အသက်က ရလာပြီ..နုတာပဲ စားချင်တယ်..ဒီမှာ..ဒီမျိုးလေးဆို ဘယ်လောက် နုသလဲ..လှသလဲ..ပညာလည်းပညာတတ်ကွ..ငါသူ့ကို လက်ထပ်မလို့”

ကိုယ်ရေးအရာရှိဗိုလ်ကြီးက ဓာတ်ပုံကို လှမ်းယူပြီး ကြည့်လိုက်သည်။

………………………………..

၁၉၇၃ ဇန်နဝါရီလ ၁၁ ရက်။ ည ၁၁ နာရီ။

“ကိုကြေး..ကိုကြေး”

“ဘယ်သူလဲကွ”

ကိုစန်းထွန်း၏ အသံ။

ဧရာအသတ်ခံရပြီးနောက်ပိုင်း ကြေးမုံ၏ နေအိမ်တွင် လုံခြုံရေးအတွက် ခင်မောင်၊ စိုးနောင်၊ ကိုစန်းထွန်းတို့ ဦးဆောင်ပြီး လူငယ်အချို့က ညအိပ်ကြသည်။

“ကျွန်တော်ပါ ဖလော်ရင့်မောင်စိန်ပါ”

“မောင်ကြေးက အိပ်နေပြီကွ”

“နှိုးပေးပါဗျာ..အရေးကြီးလို့ပါ”

ထိုအချိန်တွင် အပေါ်ထပ်ပြတင်းပေါက်ပွင့်လာ၏။

“ကိုစန်းထွန်း ဘယ်သူလဲဗျ..ဒီအချိန်ကြီး”

“ကိုကြေး..ကျွန်တော်ပါ..ဖလော်ရင့်”

“ဟာ..ဘယ်လိုဖြစ်တာလဲ…ကိုစန်းထွန်း တံခါးဖွင့်ပေးလိုက်ဗျ”

ကြေးမုံက အခန်းမီးကို ဖွင့်ရန် ထလိုက်စဥ် အိပ်မောကျနေသော မြိုင့်ကို တိုက်မိသွားသည်။

မြိုင် က အိပ်မှုံစုံမွှားဖြင့် ထလာ၏။

“ကလေးအိပ်သွားပြီလား..အကို”

မြိုင်က ခြုံထားသော စောင်ကို ဖယ်ခွာလိုက်သည်။

“မဟုတ်ဘူး…မြိုင်.အဲ့ဒါနောက်မှလုပ်တာပေါ့..အခု အောက်မှာ ဖလော်ရင့်ရောက်နေတယ်..အိပ်..အိပ်.ပြန်အိပ်”

ကြေးမုံက အောက်ထပ်သို့ ဆင်းသွားသည်။

အောက်ထပ်တွင် ဖလော်ရင်က ခေါင်းငိုက်စိုက်လျက် ထိုင်နေ၏။

“ဒီအချိန်ကြီး ဘာများဖြစ်လို့လဲ ဖလောရင့်”

ဖလော်ရင့်၏ တကိုယ်လုံးက တုန်ရီနေသည်။

“အနွေးထည်လည်း မပါပါလား..ဒီလောက်အေးနေချိန်ဗျာ..ဘာတွေများအရေးကြီးလာတာလဲ”

“ကျွန်တော့်ကို လိုက်ဖမ်းနေကြတယ်”

“ဟင်..ဘယ်သူတွေလဲ”

“မသိဘူးဗျာ….သေနတ်တွေလည်းပါတယ်..ကျွန်တော့်ကို သတ်ကြမလို့လားမသိဘူး”

“ကိုစန်းထွန်း…နောက်ဖေးက ရမ်ပုလင်းထဲက ရမ်နှစ်ခွက်ငှဲ့ခဲ့ဗျာ..ခုနကျန်တဲ့ မြေပဲကြော်ပါ ယူခဲ့”

“ကျွန်တော် မသောက်တော့ဘူး..ကျွန်တော့်ကို ကယ်ပါ..ကိုကြေး”

သူတို့ရှေ့တွင် ရောက်လာသော ရမ်နှစ်ခွက်မှ တစ်ခွက်ကို ကြေးမုံက ဖလော်ရင့်ထံ ကမ်းပေးလိုက်သည်။

“ဒါလေးသောက်ပြီး..စိတ်ကိုငြိမ်အောင်ထား..ပြီးမှ.. အေးအေးဆေးဆေးပြောဗျာ..ခင်ဗျား သိပ်စိတ်လှုပ်ရှားနေတယ်”

ဖလော်ရင့်က ရမ်ခွက်ကို လှမ်းယူပြီး မော့ချလိုက်သည်။ ကြေးမုံကမ်းပေးသော မြေပဲကြော်ပန်းကန်ထဲမှ မြေပဲ တစ်စေ့ကို ကောက်ဝါးလိုက်၏။

“မနေ့က နီနီ တောင်ကြီးကရောက်မယ်ဆိုလို့ ကျွန်တော်သွားကြိုတယ်….နီနီ့ကို သူ့အဒေါ်အိမ်ရှိတဲ့ တိုက်ကြီးကို ကျွန်တော်သွားပို့ခဲ့တယ်…တိုက်ကြီးက အပြန်မှာ ကျွန်တော့်ကားနောက်ကနေ စစ်သုံးဂျစ်ကားတစ်စီးလိုက်လာပြီး အရပ်ဝတ်နဲ့လူတွေက ကျွန်တော့်ကို ရပ်ခိုင်းတယ်..ကျွန်တော်လည်း မရပ်ပဲ တောက်လျှောက်မောင်းပြေးတာ…မှော်ဘီနားအရောက်မှာ သေနတ်နဲ့တောင် တချက်လှမ်းပစ်သေးတယ်ဗျာ”

“ခင်ဗျားကို တရားခံတွေ ဘာတွေနဲ့များ မှားလို့လား”

“မဟုတ်ဘူး..ကိုကြေး…ကျွန်တော့်ကို သူတို့ အသေသတ်ကြတော့မယ်ထင်တယ်”

“ဘာလဲဗျ..ခင်ဗျားလိုလူမှာ ဘယ်လို ရန်ငြိုးရန်စတွေများ ရှိလို့လဲ”

“ခင်ဗျားကို ကျွန်တော် ပြောစရာကျန်သေးတယ်..ခင်ဗျား ဒေါ်ကစ်တီကို သိတယ်မဟုတ်လား…ဥက္ကဌကြီးကတော်လေ”

“အင်း..သိတယ်လေ..တလောက ဆုံးသွားတယ်လေ..သူနဲ့..အပြင်မှာတောင် ရင်းနှီးခဲ့ပါတယ်”

“နီနီအဒေါ်က အဲ့ဒီ ဒေါ်ကစ်တီရဲ့အဖေဆရာဝန်ကြီးပိုင်တဲ့ တိုက်ကြီးက လယ်ယာတွေကို စီမံခန့်ခွဲပေးနေတာ… ဒီတော့ နံပါတ်ဝမ်းကြီးမိသားစုနဲ့ ရင်းနှီးကြတယ်ပေါ့ဗျာ”

“အဲ့ဒါ..ဘာဖြစ်လဲ”

“အခု အဘိုးကြီးက နီနီကို လက်ထပ်ခွင့်တောင်းတယ်…လူကြီးတွေကတဆင့်ပေါ့..အင်း လက်ထပ်ခွင့်တောင်းတယ်ဆိုတာထက် လက်ထပ်မိန့်ပေးတယ်ဆို ပိုမှန်မလားပဲ”

“ဟာ”

“ဟုတ်တယ်..ကျွန်တော်လည်း နီနီကို သွားကြိုရင်းမှ နီနီပြောလို့ သိရတာ”

“မနီနီ က ဘာတဲ့လဲ”

“နီနီနဲ့ ကျွန်တော် တိုက်ကြီးကို မသွားခင် အဲ့ဒီကိစ္စအကြိတ်အနယ်ဆွေး‌နွေးခဲ့ကြတယ်… ခင်ဗျားစဥ်းစားကြည့်ဗျာ.. အဘိုးကြီးကို နီနီ ဘက်က ဘယ်လိုငြင်းမလဲ..ငြင်းလိုက်ရင်လည်း တသက်လုံး ဒုက္ခမျိုးစုံပေးနေတော့မှာမဟုတ်လား.. နီနီ အနေနဲ့လည်းဗျာ….အင်း….”

“ခင်ဗျားတို့ နှစ်ယောက် ချစ်ကြတာပဲ..ခိုးပြေးပေါ့ဗျာ”

“ကျွန်တော့်ကို ထိခိုက်မှာလည်း နီနီက ကြောက်တယ်ဗျ….အင်း….နောက်ဆုံးတော့ သူလက်ခံဖို့ ဆုံးဖြတ်လိုက်တယ်”

“ဟာ..ဗျာ..ခင်ဗျားတို့ဟာကလည်း”

“အခု တိုက်ကြီးက အပြန် ကျွန်တော့်ကို လိုက်ပစ်ကြတာလည်း အဘိုးကြီးလူတွေပဲလားမသိဘူး..ကျွန်တော်လည်း သူတို့ကားမျက်ခြေပျက်တာနဲ့ အိမ်မှာမနေရဲလို့ လှည်းကူးမှာ တညဝင်အိပ်လိုက်သေးတယ်..ထင်တဲ့အတိုင်းပဲ ညက ကျွန်တော့်အိမ်ကို စစ်ထောက်လှမ်းရေးအရာရှိတွေ လာရှာကြတယ်တဲ့..အခုလည်း ညည့်နက်မှ ရန်ကုန်ထဲဝင်လာရဲပြီး ခင်ဗျားဆီ လာခဲ့တာပဲ..ကိုကြေး”

“ခင်ဗျား..ကားရော”

“ကားကတော့ လှည်းကူးက အသိအိမ်မှာပဲ ထားခဲ့တယ်..ကျွန်တော့်မှာ တိုင်ပင်စရာခင်ဗျားပဲရှိတယ်..ကျွန်တော် တောင်ကြီးကို ပြန်တာအလုံခြုံဆုံးဖြစ်မယ်ထင်တယ်..ကျွန်တော့်ကို ဒီကထွက်လို့ရအောင်ကူညီပါဦး..ကိုကြေး”

“နေဦး…ကျွန်တော်စဥ်းစားလိုက်ဦးမယ်ဗျာ”

ကြေးမုံက ဖင်ကပ်သာကျန်တော့သည့် ရမ် ကို မော့ချပြီး သက်ပြင်းချလိုက်သည်။

………………………………..

“ဒီတခါ မင်းကို ငါတို့အနေနဲ့ အလုပ်ခိုင်းတာ ဒါနောက်ဆုံးပဲ..ကြေးမုံ”

မျက်မှန်ကြီး ၏ အပြုံးကို ကြေးမုံက စိတ်မသက်သာစွာ ကြည့်လိုက်သည်။

“မင်းမှာ မိသားစုနဲ့ ခိုင်မာတဲ့စီးပွားရေးနဲ့ရှိနေပြီမဟုတ်လား..မှောင်ခိုကိစ္စတွေကလည်း သူ့ဟာသူ ပုံမှန်လည်ပတ်နေနိုင်ပြီလေ….ဒီအလုပ်လေးလုပ်ပေးပြီးတာနဲ့ မင်းကို တသက်လုံးက ဘာအပြစ်မှ လုပ်မထားတဲ့လူတစ်ယောက်လို ငါတို့ အသိအမှတ်ပြုပေးလိုက်မယ်..ပြီးတော့ ပါတီထဲ မင်းဝင်လိုက်..မင်းကို ပါတီရဲ့ ရာထူးကြီးကြီးတစ်ခု ငါဖန်တီးပေးလိုက်မယ်.ခါးပိုက်နှိုက်၊ မှောင်ခိုသမား၊ လူမိုက်ခေါင်းဆောင်ဘဝကနေ ဂုဏ်သရေရှိပါတီလူကြီးဖြစ်လာမှာ…မင်းဘဝ ရဲ့ အရေခွံတွေအားလုံးကို လဲပစ်ပေးမှာ”

“ကျွန်တော့်ဘက်ကလည်း စဥ်းစားပါဗျ..ကျွန်တော်သတ်ရမှာ ကျွန်တော့်မိတ်ဆွေအရင်းလေ”

“အေးလေ..အဲ့ဒီကောင်လေးကို မင်း ကူညီပြီးပြီမဟုတ်လား…မင်းပဲ တောင်ကြီးကို ကိုယ်တိုင် လိုက်ပို့ပေးလိုက်တာ..ငါတို့အကုန်သိထားပြီးပြီ….မင်းက သူ့အပေါ် မိတ်ဆွေကောင်းပီသပါတယ်..မင်းနဲ့ငါလည်း သူမတိုင်ခင်ကတည်းက မိတ်ဆွေတွေမဟုတ်လား…အခု ငါ့အပေါ်လည်း မင်း မိတ်ဆွေကောင်းပီသကြောင်းလေး ပြဖို့ အခွင့်ရပြီလေကွာ…လွယ်လွယ်လေး…မင်းကိုဆို သူက ယုံပြီးသားမဟုတ်လား…သူဘယ်မှာရှိလဲ မင်းသိမှာပဲ…သူ့ဆီမင်းလိုက်သွား..အင်း. နောက်လုပ်ရမယ့်အလုပ်ကတော့ ဘရိတ်ဓါးတစ်ချောင်းရှိရင် မင်းအတွက်မခက်ပါဘူးကွ ”

“ခင်ဗျားကြီးတို့ဗျာ….သူ့ကို သတ်ဖို့လောက်အထိ လိုလို့လား..ဟိုတစ်ယောက်ကလည်း လက်ထပ်ဖို့သဘောတူလိုက်ပြီမဟုတ်လား…တောက်”

“အခုရှုပ်မှ နောင်ရှင်းဆိုတဲ့စကားရှိတယ်…ဒီတော့ နောင်မရှုပ်အောင် အခုကတည်းက ရှင်းတဲ့ .နံပါတ်ဝမ်းကြီးရဲ့ အမိန့်က အဲ့ဒါပဲ….မင်းစဥ်းစားကြည့်ကွာ..တိုင်းပြည်ရဲ့ First Lady ဟာ သူ့ရည်းစားဟောင်းနဲ့ နောက်ပိုင်းမှာ ပြန်ဆက်သွယ်နေပါတယ်တို့ဘာတို့ဖြစ်လာရင်…ကြားကောင်းပါ့မလား”

“ဒါကတော့ သူတို့သိက္ခာကို သက်သက်စော်ကားတာပဲဗျာ”

“အဟား..မင်းက သိက္ခာတွေဘာတွေတောင် ပြောတတ်နေပြီပေါ့..ကောင်လေး”

ကြေးမုံက ခေါင်းခါလိုက်သည်။

“ကျွန်တော် မလုပ်နိုင်ဘူးဗျာ”

မျက်မှန်ကြီးက ကြေးမုံမျက်နှာကို စိုက်ကြည့်ကာ ပြုံးလိုက်၏။

“ဟုတ်ပြီလေ..မင်းကို ငါက တောင်းဆိုနေတာမဟုတ်ဘူး..အခွင့်အရေးပေးနေတာကြေးမုံ..မင်းမယူလည်း..မိုးကျော်ကို အခွင့်အရေးပေးရတော့မှာပေါ့….မိုးကျော်ကလည်း ရှမ်းပြည်မှာ ရောက်နေတာနှစ်တောင်အတော်ကြာနေပြီ…သူက ရန်ကုန်က အရင်သူ့နေရာကို ပြန်ပေးဖို့ ငါ့ကို အမြဲတောင်းဆိုနေတာ….”

မိုးကျော်ဆိုသည့် အသံကြားသည်နှင့် ကြေးမုံ ဆတ်ခနဲဖြစ်သွား၏။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၂၈ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>