လောင်းလုံး သဘော့ဆိပ်ပြင်ကြီးရွာသားနှစ်ဦး တစ်ညတည်း ပစ်သတ်ခံရ

0
4533

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်သတ်ခံရသူများမှာ ကိုဝက်ကြီးဟုဆိုသူနှင့် ကိုအောင်ဇော်လင်း (ခေါ်) ခြေဘဲ ဆိုသူတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညနေကတည်းကနေ သေနတ်သံတွေ ဆူညံနေတယ်။ ၅နာရီလောက်ကနေ ၈နာရီလောက်အထိ ကြားရတယ်” ဟု ၎င်းက ဆိုသည်။

ကိုဝက်ကြီးမှာ ညနေ ၅ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကိုအောင်ဇော်လင်းမှာ ည ၈ နာရီတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကိုဝက်ကြီးဆိုသူမှာ မူးယစ်ဆေးသုံးစွဲလေ့ရှိကာ ခိုးဝှက်လေ့ရှိသူဟုပြောဆိုကြသည်ဟု ဒေသခံအချို့က ပြောဆိုပြီး ကိုအောင်ဇော်လင်းဆိုသူမှာမူ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။

ကိုအောင်ဇော်လင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီး အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်ဟုလည်း ဆိုသည်။  

သို့သော် အထက်ပါပြောဆိုချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

ကိုဝက်ကြီး၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈နာရီခန့်က ထားဝယ်‌သို့ သယ်ယူသွားပြီး ယနေ့ နိုဝင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းတွင် မိသားစုဝင်များ မပါဝင်ဘဲ ဇဟာသုသာန်တွင် သင်္ဂြိုဟ်လိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူ့အမေက ကွမ်းသီးတောသွားပြီး အလုပ်သွားလုပ်နေတာ။ သူအဖေကတော့ ကျန်းမာရေးမကောင်းလို့ မထနိုင်ဘူး။ ဘယ်သူမှ မလိုက်ဘူးဆိုတာကလည်း အဲဒါကြောင့် ဖြစ်မယ်” ဟု ၎င်းက ဆိုသည်။

ကိုအောင်ဇော်လင်း၏ ရုပ်အလောင်းကိုမူ ယနေ့ နံနက်ပိုင်းက ထားဝယ်သို့ သယ်ယူသွားပြီးနောက် နေ့လယ်ပိုင်းတွင် ပြန်လည်သယ်ယူလာကာ ကျေးရွာသုသာန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

အထက်ပါအမျိုးသားနှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။