အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
4585

အခန်း(၂၈)

“ဘယ်လိုလဲ..ကြေးမုံ”

“ဖလော်ရင့် ဟာ လူကောင်းပါ‌…လူဆိုးလူမိုက်လောကကလည်း မဟုတ်ရှာဘူး..နိုင်ငံရေးလည်းစိတ်ဝင်စားတာမဟုတ်ဘူး… သူ့မှာ နီနီနဲ့ ကြိုက်မိတာက သေလောက်အောင်ဖြစ်သွားခဲ့ပြီလား..ခင်ဗျားမှာလည်း သားသမီးတွေရှိတာပဲ..ကိုယ်ချင်းစာကြည့်သင့်တယ်”

မျက်မှန်ကြီးက ကြေးမုံ၏ ပုခုံးကို ပုတ်လိုက်သည်။

“ငါတို့ဘဝတွေမှာ ကိုယ်ချင်းစာတာတွေ…စာနာတာတွေထက် အမိန့်ကိုပဲ တွေးတယ်ကွ..သူတော်ကောင်းလုပ်နေဖို့ အချိန်မရှိဘူး…နေပါဦး..မင်းမှာ ဘယ်တုန်းက ဒီလို သူတော်ကောင်းစိတ်တွေဝင်သွားတာလဲ..ကြေးမုံ..အေးလေ..မင်းစိတ်တွေ ပျော့ညံ့လာတာဟာ..မင်းကျဆုံးဖို့ ဖြစ်လာတာပဲ..မိုးကျော်က အခု လားရှိုးဘက်မှာရှိနေတယ်..တောင်ကြီးကို တစ်ရက်ခရီးဆိုရောက်ပြီကွ…ငါဒီက ကြေးနန်းလှမ်းရိုက်လိုက်ရုံပဲ..မင်းနဲ့ ငါတို့ကြား ဆက်ဆံရေးပြီးသွားပြီ”

“ကျွန်တော်လည်း ဒီနေ့ကို စောင့်နေတာပါ..ကဲ..ဒါဆိုလည်း ကျွန်တော်ပြန်မယ်”

ကြေးမုံက စားပွဲပေါ်တင်ထားသော ကားသော့ကို ယူကာ မတ်တပ်ရပ်လိုက်သည်။

အခန်းတွင်းသို့ သူဝင်လာစဥ်က အသိမ်းခံထားရသည့် သေနတ်ကို တံခါးဝတွင် ရပ်စောင့်နေသော အရာခံဗိုလ်ထံမှ တောင်းလိုက်သည်။

မျက်မှန်ကြီးက ခေါင်းခါပြလိုက်၏။

“ပြီးပြီ..ကြေးမုံ…ငါမင်းကို သေနတ်ပေးထားခဲ့တာဟာ..ငါ့အမိန့်ကိုနာခံမယ့်လူလို့ ယုံကြည်ခဲ့လို့ပဲ..အခုတော့ ပြီးသွားပြီ..မင်းပြန်တော့…မင်းလုပ်နေသမျှ မှောင်ခိုကိစ္စအားလုံးလည်း မကြာခင် ကိုဘိုနီဆီ ဖို့လုပ်တော့…မင်းကို ငါတို့ မလိုတော့ဘူး”

ကြေးမုံက ပုခုံးတချက်တွန့်ပြပြီး အပြင်တွင်ရပ်ထားသော ကားပေါ်သို့တက်ကာ မောင်းထွက်သွားသည်။

မျက်မှန်ကြီးက သူ့ရှေ့တွင်ရှိသော တယ်လီဖုန်းကို ကောက်ကိုင်လိုက်၏။

………………………………..

တလကြာပြီးနောက်။

ကလောမြို့။

ရထားဥသြဆွဲသံနှင့်အတူ ဘူတာတစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည်။

ရထားပေါ်မှ ဆင်းလာသော ကြေးမုံပုံစံက အထုတ်အပိုးမပါ လက်ဗလာဖြင့် အိမ်မှ လက်ဖက်ရည်ထွက်သောက်သည့် ပုံစံမျိုး။

ကြေးမုံက ဘူတာ‌ရှေ့တွင် ရပ်ထားသော မြင်းလှည်းတစင်းပေါ်သို့ တက်လိုက်သည်။

မြင်းလှည်းကလေးက မြင်းမထိဂူဘက်သွားရာလမ်းသို့ မောင်းထွက်သွား၏။

မြို့ပြင်တစ်နေရာတွင် မြင်းလှည်းရပ်သွားပြီး ကြေးမုံ ဆင်းလိုက်သည်။

ထို့နောက် လျှိုမြှောင်ကဲ့သို့ ဖြစ်နေသည့် လမ်းကြားလေးထဲသို့ ဆင်းသွား၏။

လမ်း၏အဆုံးအတွင် အနောက်တိုင်းပုံစံဆောက်ထားသည့် တစ်ထပ်တိုက်နီနီလေးတစ်လုံး။

ကြေးမုံက သူ့တွင်ပါလာသော သော့ဖြင့် ခြံတံခါးကို ဖွင့်လိုက်သည်။

ထို့နောက် သော့ပြန်ခတ်ပြီး အိမ်ထဲသို့ ဝင်လိုက်၏။

အိမ်ထဲတွင် ထိုင်ကာ တစ်ယောက်တည်း ဒိုးဆက်ကစားနေသည့် လူတစ်ယောက်။

“ရထားကလည်း အတော်ကြာတယ်ဗျာ..ပျင်းနေပြီလားဗျ..တစ်ယောက်တည်းဆိုတော့”

ကြေးမုံ၏ စကားပင် မဆုံးလိုက်။ အနောက်ဖက်မှ အသံတစ်ခု ထွက်လာသည်။

“အခု သုံးယောက်ဆိုတော့ မပျင်ရတော့ဘူးပေါ့”

ကြေးမုံက နောက်သို့ ဆတ်ခနဲလှည့်ကြည့်လိုက်သည်။

မိုးကျော်။

ကင်ဒိုဓားကို လက်တွင်ကိုင်ထားသည်။

“တောင်ကြီးတစ်ခုလုံး ငါတို့ မြေလှန်ပြီးပြီ….မတွေ့ဘူး…..အင်းလေးမှာ သွားထားတယ်ဆိုလို့ အင်းလေးမှာသွားရှာလည်းမတွေ့ဘူး….မင်းတို့ သိပ်ပြီး လည်နေကြတယ်ပေါ့…ဟားဟား မျက်မှန်ကြီးလူတွေက မင်းကို ပဲခူးဘူတာက တက်ကတည်းက ခြေရာခံမိပြီးသားကွ….မင်းကလောတက်လာပြီဆိုတာနဲ့ ငါက အသင့်လာစောင့်နေတာ..ကြေးမုံ..မင်းက မင်းကောင်ကို ကလောမှာ လာဝှက်ထားတာကိုး..”

ကြေးမုံက သူ့ခါးကြားတွင်ဝှက်လာသော သေနတ်ကို ထုတ်လိုက်သည်။

“အံမယ်လေး..သေနတ်ကြီးနဲ့ပါလား..‌နောက်မှာ MI က လွှတ်လိုက်လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က တပ်စိတ်တစ်စိတ်လည်း လာနေပြီကွ…ဘယ်လိုနေနေ မင်းတို့တော့ သေရတော့မှာပဲ.ကြေးမုံ….ဒါပေမယ့်…စိတ်မပူပါနဲ့..ဟိုကောင်လေး ဖလော်ရင့်ဆိုလား..ဘာဆိုလား..သူ့ကို သတ်ပေးပြီးရင်.မင်းကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပေးမှာပါ”

မိုးကျော်က စကားမဆုံးခင် ကြေးမုံထံ ပြေးဝင်ကာ ဓါးဖြင့် ပိုင်းလိုက်၏။

ကြေးမုံက သေနတ်မောင်းကို ညှစ်လိုက်သော်လည်း ဒိုင်းခနဲ အသံနှင့်အတူ ကျည်ဆံက လွဲချော်သွားသည်။

မိုးကျော်က ကြေးမုံလက်ထဲမှ သေနတ်ကို ဓါးနှောင့်ဖြင့် ရိုက်ချလိုက်၏။ ဓါးရေးကျွမ်းကျင်လွန်းသူ မိုးကျော်ကို ကြေးမုံ မယှဥ်နိုင်။

နောက်ထပ် ဓါးချက်တစ်ချက်က ကြေးမုံ၏ ကျောကုန်းကို အလျားလိုက် ဆွဲချသွားသည်။

သွေးများ ဖြာခနဲထွက်လာ၏။

ထိုအချိန်တွင် ဖလော်ရင့်မောင်စိန် က ဒိုးဆက်ခုံကို ရုတ်တရက်မကာ မိုးကျော်ခေါင်းကို အားကုန်ရိုက်ချလိုက်သည်။

မိုးကျော်က နောက်လှည့်ပြီး ဓါးဖြင့်တွတ်သည်။

ရုတ်တရက် ဖလော်ရင့်မောင်စိန်၏ မျက်နှာကို မြင်လိုက်ရသဖြင့် အံသြသွား၏။

ဖလော်ရင့် မောင်စိန်မဟုတ်။

ကြေးမုံ၏ လက်ရုံး ကိုစန်းထွန်း။

“ငါလိုးမသားတွေ..ကလိန်ကကျစ်တွေ”

မိုးကျော်ကို ကိုစန်းထွန်းက ဝင်လုံးထားသည်။ မိုးကျော်က ဓါးနှောင့်ဖြင့် စန်းထွန်း၏ ခေါင်းကို ထုချလိုက်သည်။

ဓါးထိထားသော ကြေးမုံက ထလာပြီး မိုးကျော်၏ ဆံပင်ဖုတ်ကို စောင့်ဆွဲကာ လက်ထဲမှ ဘရိတ်ဓါးဖြင့် လည်ပင်းကို လှီးရန်ပြင်လိုက်သည်။

သို့သော် မိုးကျော်လက်ထဲမှ ဓါးရှည်က ကိုစန်းထွန်း၏ နံကြားသို့ စိုက်ဝင်ကာ ကိုစန်းထွန်းလဲကျသွားသဖြင့် မိုးကျော် လွတ်ထွက်သွား၏။

မိုးကျော်က သူ့နောက်ဖက်တွင်ရှိသော ကြေးမုံကို တံတောင်ဖြင့် တွတ်ချလိုက်သည်။

ကိုစန်းထွန်းထံမှ ဓါးကို ဆွဲနုတ်ရန် ပြေးသွားသော်လည်း ကိုစန်းထွန်းက မိုးကျော်၏ ဘယ်ဘက်လက်ကို အားဖြင့် ဆ‌ွဲချုပ်ထား၏။

မိုးကျော်က ကိုစန်းထွန်းဘေးတွင် ကျနေသော ကြေးမုံ၏ သေနတ်ကို ပြေးကောက်ကာ ကြေးမုံထံသို့ ပစ်ချလိုက်သည်။

သို့သော် မောင်းက လွယ်လွယ်နှင့် ညှစ်မရ။

မိုးကျော်၏ ညာဘက်လက်ညိုးတစ်ဖက်နှင့် လက်ခလယ်ထိပ်မှာမှာ ၁၉၅၂ ခုနှစ်၊ ဓါးခုတ်မှုတွင် ပြတ်တောက်ခဲ့သဖြင့် ညာလက်ဖြင့် သေနတ်ပစ်ရန် မလွယ်ကူခဲ့။

မိုးကျော်က ဘယ်လက်ကို အတင်းရုန်းကန်သည်။

သွေးအိုင်ထဲ အသက်ငယ်နေပြီဖြစ်သော ကိုစန်းထွန်းကလည်း မိုးကျော်၏ လက်ကို အသေဆွဲချုပ်ထား၏။

ကျောကုန်းတွင် ဓါးဒဏ်ရာရထားသော ကြေးမုံက ထလာပြီး မိုးကျော် လက်ထဲမှ သေနတ်ကို ဖြတ်ကန်ထုတ်လိုက်သည်။

ထို့နောက် ကြမ်းပြင်တွင်ကျနေသာ ဘရိတ်ဓါးကို လက်ကြားကို ညှပ်ပြီး ဒူးထောက်ထိုင်ချလိုက်သည်။

“ဒိုင်း”

“..ဟေ့…မင်းတို့ကို စစ်တပ်ကဝိုင်းထားပြီ …အကုန်လက်နက်ချ”

ကြေးမုံ၏ နောက်စေ့သို့ သေနတ်ပြောင်းရှည်တစ်ခုက လာထောက်ထားသည်။

ကြေးမုံက လက်မြှောက်ပြီး မတ်တပ်ရပ်လိုက်သည်။

သွေးအိုင်ထဲမှ ကိုစန်းထွန်းကတော့ မျက်ဖြူလန်ကာ ငြိမ်ကျသွားပြီဖြစ်သည်။

မိုးကျော်က လူးလဲ ထလိုက်၏။

“ကျွန်တော် ဗိုလ်ကြီးသိန်းစိန်ပါ…MI က ဗိုလ်မှူးဖုန်းဆက်ဆက်ချင်း ထလိုက်လာတာပဲ..အချိန်မှီလို့တော်ပါသေးတယ်”

မိုးကျော်က ဘာမှ ပြန်မပြော။

“ကဲ..ဟိုလူ အသက်ရှိသေးလား..သေပြီထင်တယ်….အလောင်းကို သယ်ဖို့လုပ်..ဟိုတစ်ယောက်ကိုက ကြိုးတုတ်”

ဗိုလ်ကြီးက မိုးကျော်ထံ ရေဗူးကို ကမ်းပေးသည်။

မိုးကျော်က ရေဗူးထဲမ ရေဖြင့် သွေးများကို ဆေးကြောပြီး မျက်နှာကို လောင်းလိုက်၏။

ထိုအချိန်တွင် အပြင်ဘက်မှ အရာခံဗိုလ်တစ်တစ်ဦးပြေးဝင်လာသည်။

“ဗိုလ်ကြီး..အခုပဲ တောင်ကြီးက စက်နဲ့လှမ်းပေါက်တယ်…စဝ်စံထွန်းဆေးရုံက ရုရှားဆရာဝန်နှစ်ယောက်ကို ခွန်ဆာတပည့်တွေ ဖမ်းသွားလို့တဲ့..အဲ့ဒါ ကလောဘက်ကနေလည်း ပိတ်ဆို့ဖို့ အခုချက်ချင်းပြန်လာခဲ့ပါတဲ့”

“ဟာ..ဒုက္ခပဲ..ငါက ဒီလူတွေကို MI ရုံးကို လွှဲပေးရဦးမယ်”

“ကျွန်တော့် တာဝန်ထားပါ..ကျွန်တော် ပဲ ရုံးကို ခေါ်သွားလိုက်ပါ့မယ်”

“ခင်ဗျားတစ်ယောက်တည်းဖြစ်ပါ့မလား”

“ရပါတယ်..ကျွန်တော် ညွှန်ကြားရေမှူးဆီက တိုက်ရိုက်အမိန့်နဲ့လုပ်နေတာပါ”

ထိုအချိန်က စစ်ထောက်လှမ်းရေး၏ သြဇာသည် တပ်အပေါ် လွှမ်းမိုးနေချိန်ဖြစ်သည့်အပြင် ညွှန်ကြားရေးမှူးမျက်မှန်ကြီးနာမည်ပါ ပါလာသဖြင့် အရာရှိမှာ ဘာမှမပြောသာတော့။

မိုးကျော်ကိုလည်း စစ်ထောက်လှမ်းရေးမှ တပ်ဖွဲ့ဝင်တစ်ဦးဟု ထင်သွားခဲ့သည်။

“ကဲ..ဒါဆိုလည်း ကိုယ့်ဆရာပဲ..ခေါ်သွားပေတော့…တစ်ယောက်တည်းတော့ဖြစ်တယ်နော်”

“အင်း..ကျွန်တော်ကို ခင်ဗျားရဲဘော်တွေနဲ့ တစ်ခုတော့ ကူညီသွားဗျာ”

ခဏအကြာတွင် ကြေးမုံတစ်ယောက် လက်ပြန်ကြိုးတုပ်လျက် ဂုန်နီအိတ်တစ်လုံးတွင် အလုံပိတ်ခံလိုက်ရသည်။

ထို့နောက် မိုးကျော်က သူစီးလာသော ဂျစ်ကား နောက်တွင် ဂုန်နီအိတ်ကို တင်ကာ မောင်းထွက်သွားတော့၏။

“ကိုကျော်ဝင်း၊ စီစီ….ငါ့ ဘဝထဲက အရေးပါဆုံးလူနှစ်ယောက်ထွက်ခွာသွားခဲ့ရတဲ့ တရားခံဟာ..မင်းပဲ ကြေးမုံ….. မင်းက လူတော်လေးပါ…ငါအသိအမှတ်ပြုပါတယ်..ဒါပေမယ့်…အခုတော့ မင်းတော်ခဲ့သမျှကို ငါတခန်းရပ်ပေးတော့မယ်…. မင်း မှတ်မိလားကွ….ဟိုးလွန်ခဲ့တဲ့နှစ်..မင်းကို ငါစတွေ့တုန်းက ..ပန်းဆိုးတန်းမှာ ဒီလိုပဲ မင်းကို ဂုန်နီအိတ်နဲ့ ထုတ်ပြီး ကားပေါ်တင်ထားခဲ့တာလေ..ဟားဟား..အဲ့ဒီကတည်းက မင်းတို့နှစ်ကောင်ကို ငါသတ်ခဲ့ရမှာ..အခုလည်း တခါက မင်းတို့ကို ငါပြောဖူးသလို မိုး‌ကျော်ကို လာနှောက်ရင် ရထားလမ်းပေါ် သုံးပိုင်း ဖြစ်သွားမယ်ဆိုတာလေး…ပြန်သတိရနေပေါ့ကွာ”

မိုးကျော်က ကားမောင်းရင်းမှ စကားများ တတွတ်တွတ်ပြောလာသည်။

ကြေးမုံသည် လွန်ခဲ့သည့်လက မျက်မှန်ကြီးထံမှ ပြန်လာခဲ့ပြီးသည့်နောက် ဖ‌လော်ရင့်မောင်စိန်ကိစ္စကို စနစ်တကျစီမံကိန်းများချခဲ့သည်။

စိုးနောင်နှင့် ခင်မောင်ကို ဖလော်ရင့်မောင်စိန်တိမ်းရှောင်နေသောအင်းလေးသို့လွှတ်ပေးခဲ့သည်။

ထို့နောက် ယုယုမော်မှ တဆင့် ဆွန်ချိုင်းနှင့် ချိတ်ဆက်ကာ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်သွားရန် စီစဥ်ပေးခဲ့သည်။

သူကိုယ်တိုင်ကမူ မိုးကျော်ကို ထောင်ဖမ်းရန် ကြံရွယ်ပြီး ကလောမှ အိမ်တစ်လုံးကိုငှားရမ်းကာ ကိုစန်းထွန်းကို ဖလော်ရင့်မောင်စိန်အယောင်ဆောင်ကာ ထားထားခဲ့သည်။

ထို့နောက် ကလောသို့ နှစ်ကြိမ်မျှ အသွားအပြန်လုပ်ချိန်တွင် မျက်မှန်ကြီး၏ ထောက်လှမ်းရေးများမှ ခြေရာခံမိပြီး မိုးကျော် ကလောသို့လိုက်လာခြင်းဖြစ်သည်။

သို့သော် ကြေးမုံသည် ဒီတခေါက်တွင်တော့ ရန်သူကို အထင်သေးခဲ့သည်။

ဂျစ်ကားက ကလောမှ အောင်ပန်းဘက်သို့ ဦးတည်လိုက်သည်။

အောင်ပန်းမြို့အထွက်ရှိ ရထားလမ်းဘေးတစ်နေရာတွင် ကားကို ရပ်လိုက်သည်။

ဆောင်းရာသီမို့ မွန်းတည့်ချိန်သည် မြူတို့မပြယ်သေး။

ဂျစ်ကားရပ်လိုက်ချိန်တွင် ခပ်လှမ်းလှမ်းဆီမှ လောရှည်က လမ်းလျှောက်လာသည်။

“တကယ်ခေါ်လာခဲ့နိုင်တာပဲ..ကိုမိုးကျော်”

“အေး..မိုးကျော်ပါကွ..စီစဥ်ထားတဲ့အတိုင်းပဲ..ကဲ..ဝိုင်းမပါဦး”

ကြေးမုံအား ထည့်ထားသော ဂုန်နီအိတ်ကို မိုးကျော်နှင့် လောရှည်တို့က မကာ ရထားလမ်းဘေးသို့ သယ်ခဲ့ကြသည်။

“ရထားလာခါနီးပြီလား.‌..လောရှည်”

“ခုနတော့ ဘူတာဘက်က ဥသြသံကြားရတယ်..တောင်ပေါ်ရထားဆိုတော့ ခင်ဗျားတို့ မြေပြန့်ရထားလိုတော့ အရှိန်အရမ်းမမြန်ဘူး… နှေးတယ်ဗျ”

“နှေးတော့လည်း ဒီကောင့်ကို ဖြည်းဖြည်းချင်း ကြိတ်ပါစေပေါ့ကွာ”

“အနီးအနားရောက်မှ ဂါတ်ဗိုလ်က မြင်ပြီး ရထားကို ရပ်ရင် ဘယ်လိုလုပ်မလဲ”

“ဒါဆိုလည်း ရထားက ဒီနားရောက်ခါနီးမှ ပစ်ချတာပေါ့ကွာ”

လောရှည်က ဂုံနီအိတ်ကို တချက်ကန်ကြည့်လိုက်သည်။

“နေပါဦး..ဒီထဲက လူနဲ့ ခင်ဗျားနဲ့က ဘယ်လို ပြဿနာတွေရှိလို့ ဒီလောက်တောင်သတ်ချင်နေရတာလဲ”

“ငါမင်းကို ပြောပြဖူးတယ်လေကွာ..ကြေးမုံဆိုတာ ဒီကောင်ပေါ့..အခုတော့လည်း..အဟင်း”

“အရှင်လတ်လတ်ကြီးကတော့ မရက်စက်လွန်းဘူးလား..ကိုမိုးကျော်…”

လောရှည်စကားကြောင့် မိုးကျော်က ပြုံးလိုက်သည်။

“င့ါဓါးလည်း ဟိုမှာကျန်ခဲ့တယ်ကွ”

“ကျွန်တော့်မှာ သေနတ်ပါပါတယ်….ကျည်ဆံနဲ့ တချက်တည်းသတ်ပေးလိုက်တာ ကုသိုလ်ရပါတယ်ဗျာ”

လောရှည်က ခါးကြားမှ ပစ္စတိုသေနတ်ကို ထုတ်လိုက်သည်။

“ငါ့ ဘယ်ဘက်လက်က နာနေတယ်ကွ..မောင်းဆွဲလို့ရမယ်မထင်ဘူး..မင်းပဲ ပစ်ပေးလိုက်…ကဲ.ကြေးမုံရေ…ငါမင်းကိုသနားလို့ရော..ဟော့ဒီက ငါ့လုပ်ဖော်ကိုင်ဖက်ကလည်း ပြောလို့ သေနတ်နဲ့ ကိစ္စတုန်းပေးလိုက်မယ်…မသေခင် မင်းကို စီရင်ခဲ့တဲ့ သေမင်း မိုးကျော်မျက်နှာကို ကြည့်သွားကွာ”

မိုးကျော်က ဒူးထောက်လိုက်ပြီး ဂုန်နီအိတ်ကြိုးကို ဖြည်လိုက်သည်။

ကြေးမုံ၏ ပါးစပ်တွင် စစ်သဘက်တစ်ခုကို စို့ထား၏။

မိုးကျော်က ကြေးမုံ၏ ဆံပင်များကို ပွတ်သပ်ပြီး ရယ်လိုက်သည်။

လောရှည်က ပစ္စတိုကို မောင်းတင်လိုက်သည်။

“ကလစ်”

ကြေးမုံက မျက်စိကို စုံမှိတ်ထားလိုက်၏။

“ဒိုင်း”

သေနတ်သံနှင့်အတူ ကြေးမုံ၏ မျက်နှာပေါ်သို့ စေးကပ်ကပ်အရာများ ပေကျံကုန်သည်။

ကြေးမုံ မျက်လုံးဖွင့်ကြည့်လိုက်သည်။

သူသေသွားပြီလား။

မဟုတ်။

မိုးကျော်၏ ခေါင်းက သူ့ရင်ဘတ်ပေါ် ငိုက်စိုက်ကျနေသည်။

သွေးနှင့် ဦးနှောက်ဖတ်များက ဂုံနီအိတ်တစ်ခုလုံးသို့ ပေကျန်နေ၏။

လောရှည်က မိုးကျော်၏ နားထင်ကို တေ့ကာ ပစ်လိုက်ခြင်းဖြစ်သည်။

ကြေးမုံက အခြေအနေကို ကြောင်ပြီးကြည့်နေသည်။

လောရှည်က ကြေးမုံ ၏ ဂုတ်နီအိတ်ကို ချွတ်ပေးပြီး လက်ပြန်ကြိုးကို ဖြည်ပေး၏။

“ကဲ..ကိုယ့်လူ…ခင်ဗျားကို လွှတ်ပေးချင်လွန်းလို့တော့မဟုတ်ဘူး..ဒီကောင်ကြီးအလောင်းကို ဖျောက်ပစ်ရမယ်လို့ ကျုပ်သူဌေးက မှာထားလို့ ကျုပ်တစ်ယောက်တည်းလဲ မနိုင်ဘူး….ခင်ဗျား ကူမှ ရမယ်”

ကြေးမုံ လက်မှ ကြိုးများ ပြေသွားပြီးနောက် ပါးစပ်တွင်စို့ထားသော သဘက်ကို ထုတ်ကာ ကျောကုန်းဒဏ်ရာမှ သွေးအချို့ကို သုတ်လိုက်သည်။

ကြေးမုံက မိုးကျော်၏ အလောင်းကြီးကို ငေးကြောင်ကြည့်နေသည်။

စက္ကန့်ပိုင်းအတွင်း ပြောင်းလဲခဲ့သည့် အခြေအနေကို မှင်သင်မိနေ၏။

လောရှည်ကို သူမသိ။ မိုးကျော်၏ တပည့်တစ်ဦးဟုသာ ထင်ခဲ့သည်။ ယခုတော့လောရှည်က မိုးကျော်ကို ပစ်သတ်သွားခဲ့သည်။

“အံသြမနေနဲ့….သူနဲ့ ကျုပ် အလုပ်တွဲလုပ်ကြတာမှန်တယ်..ဒါပေမယ့်..ဒီလူ ထောက်လှမ်းရေးလွှတ်လိုက်တယ်သာပြောတာ. သိပ်အတယ်ဗျ…ကျုပ်တို့အချင်းချင်းကြားမှာ လူစိမ်းဝင်လာရင် ဒီလိုပဲဖြစ်တတ်တယ်”

လောရှည်ပြောသည့်စကားများကို ကြေးမုံ တစ်ခုမှ နားမလည်။

မိုးကျော်သည် မျက်မှန်ကြီး၏ အစီအစဥ်ဖြင့် အောလစ်ယန်း၏ ကိုယ်စားလှယ်အဖြစ် လောရှည်နှင့်အတူ လော်စစ်ဟန်ကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။

လောရှည်သည်လည်း လော်စစ်ဟန်အဖွဲ့မှ အော်လစ်ယန်းထံတွင် တန်ပြန်ပြန်ထည့်ထားသည့် သူလျှိုတစ်ဦးဖြစ်မှန်း မသိခဲ့ကြ။

မကြာမီပင် လော်စစ်ဟန်အား စစ်တပ်က မှ ဖမ်းဆီးတော့မည်ဟူသော သတင်းများထွက်ပေါ်ခဲ့သည်။

ထို့ကြောင့် အနီးအနားတွင်ရှိနေသော မိုးကျော်ကို အရင်ရှင်းပစ်ရန် လောရှည်ထံသို့ အမိန့်ရောက်လာခဲ့တော့သည်။

မိုးကျော်ကား ရထားသံလမ်းဘေးတွင် အသက်မဲ့လျက်။

“ကဲ…ကိုယ့်လူ..အလောင်းကို ဝိုင်းမဦး..ဟိုမှာ ရထားလာနေပြီ”

ဂုံနီအိတ်ဖြင့် ထုတ်ထားပြီဖြစ်သော မိုးကျော်၏ ခန္ဓာကိုယ်ကို ကြေးမုံနှင့် လောရှည်တို့ က မယူကာ သံလမ်းပေါ် ပစ်တင်လိုက်ကြသည်။

ရထားကား အရှိန်ဖြင့် လာနေသည်။

“ကဲ….ခင်ဗျားလည်း…သွားချင်ရာသွားတော့”

လောရှည်က ကြေးမုံဘက်သို့ လှည့်ပြောလိုက်သည်။

ကြေးမုံမရှိတော့။

အရှိန်ဖြင့် လာနေသော ရထားဘေးသို့ အပြေးလိုက်ကာ သံတန်းတစ်ခုကို ကျွမ်းကျင်စွာဆွဲကိုင်ပြီး တက်သွားသည်ကိုသာ မြင်လိုက်ရတော့သည်။

………………………………..

တောင်ဥက္ကလာပ၊ ဘုရားလေးအိမ်ဟု ခေါ်ကြသော ခြံဝန်း။

ညမှောင်မှောင်ထဲတွင် ခြံတွင်းသို့ လူတစ်ဦး ဝင်လာ၏။

ခြံကား မဲမှောင်နေသည်။

“ဆရာကြီး..ဆရာကြီး…”

အသံက ခပ်အုပ်အုပ်။

“ဦးဝါပို….ဦးဝါပို”

မည်သည့်အသံမှ ထွက်မလာ။

အိမ်ပေါ်သို့ တက်ရန် တံခါးကိုတွန်းဖွင့်လိုက်သည်။

တံခါးက သော့ခတ်ထား၏။

မီးရောင်လဲ့လဲ့လင်းနေသော စေတီလေးထံသို့ လျှောက်သွားလိုက်သည်။

မည်သူမျှ မတွေ့။

ကြေးမုံက စေတီရှေ့တွင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။

စေတီနဘေး ဗာဒံပင်ကွပ်ပျစ်ပေါ်တွင် တင်ထားသော အရာတစ်ခုကို သတိထားမိလိုက်၏။

အညိုရောင်ဖိုင်တွဲတစ်တွဲ။

ဖိုင်တွဲကို ကြေးမုံက ကောက်ကိုက်လိုက်စဥ် စာတစ်စောင် ထွက်ကျလာသည်။

“ကြေးမုံ..

ဘယ်သူမှ မယုံနဲ့..ခံစားချက်အလိုကို မလိုက်နဲ့ လို့ ငါမင်းကို ပြောခဲ့ပါတယ်…

အခုတော့ မင်းအမှုက ငါ့ဆီပါ ပတ်လာခဲ့ပြီ။

ထွန်းမြင့်ကို သူတို့ ဖမ်းမိသွားခဲ့တယ်။ မင်းတို့နောက်မှာ ငါရှိနေတယ်ဆိုတာ မျက်မှန်ကြီး ခြေရာခံမိသွားပြီ။

ငါလည်း ဒီနေရာကို စွန့်ခွာသင့်ပြီလို့ ဆုံးဖြတ်လိုက်တယ်။

ငါ သာသနာပြုဖို့ ထွက်ခွာသွားပြီ… မင်းအပ်ထားတဲ့ ငွေတွေကိုလည်းစိတ်ချပါ။

ငါ့ရဲ့ သာသနာပြုလုပ်ငန်းအတွက် သုံးပေးဖို့ ယူသွားပါတယ်..။

ဟိုဖိုင်တွဲတော့ ငါ့အတွက် မလိုအပ်လို့ ထားပေးခဲ့တယ်။

မသေကြရင်တော့ ဆုံကြဦးမှာပေါ့…ငါ့မြေးရေ။

ဥုံ..ဘယ်သူမှမယုံနဲ့

စိန်ဓါးမြှောင်”

“တောက်”

အမှောင်ထုထဲမှ ကြေးမုံ၏ တောက်ခေါက်သံ က ကျယ်လောင်စွာထွက်ပေါ်လာသည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၂၉ ) ဇာတ်သိမ်းပိုင်း >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>