လွန်ခဲ့သည့် နှစ်၃ဝက အေးခဲသိမ်းဆည်းထားသော သန္ဓေသားလောင်းဖြင့် အမွှာကလေးနှစ်ဦး အောင်မြင်စွာမွေးဖွား

0
3486

အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်တွင် လွန်ခဲ့သည့် အနှစ် ၃၀ က အေးခဲသိမ်းဆည်းထားသည့် သန္ဓေသားလောင်းကို ကလေးအဖြစ် မွေးဖွားစေခဲ့ရာ အမွှာကလေးနှစ်ဦး ထွန်းကားကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

အရှည်ကြာဆုံး အေးခဲထားသော သန္ဓေသားလောင်းကို အောင်မြင်စွာ မွေးဖွားမှုတစ်ရပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

အဆိုပါသန္ဓေသားလောင်းကို အနုတ် ၁၂၈ ဒီဂရီစင်တီဂရိတ် နိုက်ထရိုဂျင်အရည်ထဲတွင် ၁၉၉၂ ခုနှစ် ဧပြီလ ၂၂ ရက်ကတည်းက ထည့်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင် ဖွားမြင်ခဲ့ခြင်းဖြစ်သည်။

အော်ရီဂွန်ပြည်နယ်သူ အမျိုးသမီး ရေချယ်ရစ်ဂ်ျဝေး၏ ကလေးများဖြစ်ကာ ဖခင်ဖြစ်သူ မစ္စတာဖိလစ်ရစ်ဂ်ျဝေးက ဘာပြောရမှန်းမသိလောက်အောင် ခံစားနေရကြောင်း ပြောပြသည်။

လှူပေးထားသော မျိုးဥများထဲမှ ကလေးငယ်ပေါင်း ၁၂၀၀ ကျော်ကို မွေးထုတ်ပေးထားသည့် အမျိုးသား သန္ဓေသားလောင်း လှူဒါန်းရေးစင်တာက အထက်ပါ မွေးဖွားမှုကို ဆောင်ရွက်ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းကလည်း ၂၇ နှစ်ကြာ သိမ်းဆည်းထားသော သန္ဓေသားလောင်းကို အောင်မြင်စွာ မွေးဖွားပေးခဲ့ဖူးသည်။

လွန်ခဲ့တဲ့ ၁၀ နှစ် ၊ အနှစ် ၂၀ က သိမ်းဆည်းထားသည့် သန္ဓေသားလောင်းများကိုပါ မွေးစားနိုင်ပြီဖြစ်ကြောင်း မွေးဖွားပေးခဲ့သည့် ဒေါက်တာ ဂျွန်ဒေးဗစ်ဂေါ်ဒွန်က ပြောကြားသည်။