ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
3967

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိကျောင်းကျေးရွာမှ ဦးကျော်နိုင်ဦးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

၎င်းသည် ကျောက်မိကျောင်းရွာနှင့် ကျုံလောင်းရွာဟောင်းလမ်းဆုံနေရာတွင် စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၃၀ အရွယ် ဦးကျော်နိုင်ဦးသည် ခြံအလုပ်လုပ်ကိုင်နေသည့်အပြင် ကွမ်းသီးအရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“သိသလောက်ကတော့ သူက ကွမ်းသီးအရောင်းအဝယ်လုပ်တယ်။ ခြံလုပ်တယ်။ အခု ဒလန်ဆိုပြီး အသတ်ခံရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဦးကျော်နိုင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။

၎င်းသည် ကွမ်းသီးရောင်းဝယ်ရင်း စစ်ကောင်စီကို သတင်းပေးနေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုသူများကို ဒေသတွင်းလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့၊ ရေးပြောက်ကျားတပ်ဖွဲ့၊ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။