နစ်မြုပ်သွားသော ထိုင်းငါးဖမ်းလှေမှ မြန်မာရေလုပ်သား ၆ ဦးကို ကယ်ဆယ်နိုင်ခဲ့

0
7001

ထိုင်းနိုင်ငံ၊လယွန်ခရိုင်တွင် အလုပ်သမား ၈ ဦးပါ ငါးဖမ်းလှေတစ်စီး နစ်မြုပ်သွားရာတွင် မြန်မာရေလုပ်သား ၆ ဦးနှင့် ဗီယက်နမ်နိုင်ငံသားတစ်ဦးကို ယနေ့နံနက်က ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ရယွန်ခရိုင် ဘန်ဖီးဆိပ်ကမ်းနှင့် ရေမိုင် ၇ မိုင်အကွာ ကော့ကျန်းကျွန်းအနီးတွင် ငါးဖမ်းလှေတစ်စီး နစ်မြုပ်သွားကြောင်း လှေပိုင်ရှင်မှ မနေ့ညနေအစောပိုင်းက ဆက်သွယ်အကူအညီ တောင်းခံလာခဲ့ရာ ထိုင်းအာဏာပိုင်များက ကယ်ဆယ်ရေးလှေများ၊ အနီးနားရှိ ငါးဖမ်းလှေများနှင့် ရှာဖွေခဲ့ခြင်းဖြစ်သည်။

လှိုင်းကြမ်းများအတွင်း ရှာဖွေနေစဉ် ၂ နာရီနီးပါးအကြာ ယနေ့နံနက် ၁ နာရီအချိန်ခန့်တွင် ရေထဲ၌ ကူးခတ်နေသော ရေလုပ်သား ၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

၎င်းတို့တွင် မြန်မာနိုင်ငံသား ၆ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁ ဦးတို့ပါဝင်ပြီး ညလုံးပေါက်ရေကူးထားရသဖြင့် ပင်ပန်းနွမ်းနယ်နေကြကြောင်း၊ ကမ်းခြေဘက်သို့ အမြန်ပို့ဆောင်ခဲ့ပြီး လယွန်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း လှေပေါ်ပါ အသက် ၅၆ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား လှေဦးစီးတစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရေအောက်နစ်မြုပ်သွားသည်ဟု ယူဆရကြောင်း ရေးသားထားသည်။

ရှာဖွေရေးလုပ်ငန်းများကို ယနေ့မနက် ၅ နာရီအချိန်အထိ ကယ်ဆယ်ရေးလှေအပါအဝင် လှေ ၁၇ စီးဖြင့် လိုက်လံရှာဖွေနေခဲ့ပြီး ပင်လယ်အတွင်း လှိုင်းကြီးမိုးကြီးခဲ့သည့်အတွက် ရှာဖွေရေးလုပ်ငန်းများ နှောင့်နှေးနေခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာရေလုပ်သားတစ်ဦး၏ ပြောကြားချက်အရ ငါးဖမ်းထွက်လာစဉ် လှိုင်းကြီးလာသဖြင့် လှေနစ်မြုပ်ရခြင်းဖြစ်ပြီး လှေပေါ်ပါအလုပ်သမားအားလုံး ပင်လယ်ထဲ ခုန်ချနိုင်ခဲ့ကြောင်း၊ အသက်မရှင်နိုင်တော့ဟု တွေးမိနေသောအချိန်တွင် ကယ်ဆယ်ရေးလှေများရောက်ရှိလာသည့်အတွက် အသက်ရှင်ခဲ့ရကြောင်းဆိုသည်။

လှေဦးစီးမှာ လှေနှင့်အတူ နစ်မြုပ်သွားသည်ဟု ယူဆထားကြပြီး ယနေ့မနက်ပိုင်းအချိန်အထိ ရှာမတွေ့သေးဘဲ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

Ref: Khaosod Online, Thairath