ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို အခမ်းအနားဖြင့်ကျင်းပရန် စစ်ကောင်စီ စီစဉ်

0
4475

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့( အောက်တိုဘာ ၉ ရက် ) တွင် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ကမ်းနားလမ်း သဲကွင်းတွင် အခမ်းအနားဖြင့် ကျင်းပရန် စစ်ကောင်စီက စီစဉ်နေကြောင်း သိရှိရသည်။

ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် သပိတ်မျှောပွဲတော်ကို အခမ်းအနားဖြင့် မကျင်းပနိုင်ခဲ့သည်မှာ နှစ်နှစ်ဆက်တိုက်ရှိနေပြီဖြစ်သည်။

ပြည်သူအချို့ကမူ ကိုယ့်အစီအစဉ်ဖြင့်ပင် ထားဝယ်မြစ်အတွင်း သပိတ်လာရောက်မျှောလေ့ရှိကြသည်။

ယခုနှစ်တွင်မူ ယခင်ကျင်းပခဲ့သည့် ပုံစံအတိုင်း သပိတ်မျှောပွဲ မုဒ်ဦးဖွင့်လှစ်ခြင်း၊ အာရုဏ်မတက်ခင် သပိတ်မျှောပွဲလာသူများကို ထားဝယ်ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေခြင်းနှင့် သပိတ်မျှောခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပွဲစီစဉ်ရာတွင် ပါဝင်နေသူတစ်ဦးက ဆိုသည်။

“အခုလက်ရှိတော့ ဆပ်ကော်မတီတွေ ဖွဲ့ထားပြီးပါပြီ။ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နဲ့အညီ ကျင်းပဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ထားဝယ်သပိတ်မျှောပွဲတော်အတွက် အစိုးရ(စစ်ကောင်စီ)ဘက်မှ ရန်ပုံငွေကျပ်သိန်း ၉၀ ထောက်ပံ့ရန် ယခင်အစိုးရလက်ထက်ကတည်းက သတ်မှတ်ထားပြီး လက်ရှိတွင်လည်း ကျပ်သိန်း ၉၀ ဖြင့် လျာထားဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

သို့သော် ယင်းရန်ပုံငွေပမာဏဖြင့် မလောက်နိုင်ဟု ပွဲစီစဉ်နေသူတို့က ခန့်မှန်းနေကြသည်။

“ကျွန်မကတော့ အရင်တုန်းကလိုမျိုး ခမ်းခမ်းနားနား မလုပ်လဲရတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက သပိတ်မျှောပွဲတော် ကျင်းပပ မကျင်းပပ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုယ့်ရိုးရာအတိုင်း မျှောနေကြတာပဲလေ” ဟု ထားဝယ်မြို့ခံ လူငယ်ပိုင်းအမျိုးသမီးတစ်ဦးက ဆိုသည်။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်သည် ဒေသတွင်း အစည်ကားဆုံး ပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ယင်းပွဲတော်မှာ သီတင်းကျွတ်လပြည့်နေ့ အာရုဏ်တက်ချိန်တွင် ထားဝယ်မြစ်ထဲ သပိတ်မျှောပြီးနောက် နံနက်ပိုင်းတွင် မီးပုံးပျံကြီးများကို အပြိုင်အဆိုင် လွှတ်တင်‌ကြခြင်းဖြစ်သည်။

အာဏာရှင်စနစ်ကို တွန်းလှန်နေချိန်တွင် ပျော်ပွဲရွှင်ပွဲများ၊ အခမ်းအနားများ လုပ်ဆောင်ခြင်းမပြုရန် ပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းနှိုးဆော်လေ့ရှိကြသည်။

ယခုနှစ်ပွင့်လင်းရာသီတွင်လည်း ပျော်ပွဲရွှင်ပွဲများ၊ ပွဲလမ်းသဘင်များ၊ အခမ်းအနားများ မပြုလုပ်ကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Laung Lone People Defence Force(LLPDF)အဖွဲ့နှင့် Dawei Defense Team-DDT အဖွဲ့များက ယခင်နှစ်နည်းတူ မေတ္တာရပ်ခံတားမြစ်ချက်ကို စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် ထုတ်ပြန်ထားသည်။