ဘုတ်ပြင်းကို ခရိုင်အဖြစ် စစ်ကောင်စီတိုးချဲ့

0
1419

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်ကို ဘုတ်ပြင်းခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ဧပြီလ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

မြန်မာတစ်နိုင်ငံလုံး၌ ခရိုင် ၄၆ ခု တိုးချဲ့ဖွဲ့စည်းရာတွင် ဘုတ်ပြင်းမြို့နယ်ကိုလည်း ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်ဟု ခရိုင်သုံးခုရှိပြီး ဘုတ်ပြင်းမှာ ကော့သောင်းခရိုင်ရှိ မြို့နယ်တစ်ခုဖြစ်သည်။ လက်ရှိတွင်မူ ခရိုင်လေးခုရှိလာမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် လူဝင်မူကြီးကြပ်ရေးဦးစီးဌာန၏ စာရင်းအရ ဘုတ်ပြင်းမြို့နယ်တွင် လူဦးရေ ရှစ်သောင်းနီးပါး ရှိပြီး ဘုတ်ပြင်းမြို့၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ကရသူရိမြို့ဟု မြို့သုံးမြို့ရှိသည်။ ကျေးရွာအုပ်စု ၉ အုပ်စု၊ ကျေးရွာ ၅၇ ရွာရှိသည်။

ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်တို့တွင်မူ လူဦးရေ အနည်းဆုံး နှစ်သိန်းကျော်ရှိသည်။

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမူရေး စသည်တို့ တိုးတက်ပြောင်းလဲလာမူအရ ခရိုင်အသစ်များ တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယခင်က မြန်မာတစ်နိုင်ငံလုံး ခရိုင်ပေါင်း ၇၅ ခုရှိရာမှ ယခု ၄၆ ခရိုင် တိုးချဲ့ဖွဲ့စည်းလိုက်သဖြင့် စုစုပေါင်း ၁၂၁ ခရိုင် ရှိလာမည်ဖြစ်သည်။

ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းရန် ဘုတ်ပြင်းမြို့နယ်အား မည်သည့်အတွက်ရွေးချယ်ခဲ့သည်ကို တနင်္သာရီတိုင်း စစ်ကောင်စီလူမှုရေးဝန်ကြီးထံ ယနေ့ (မေ ၁) ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ခရီးထွက်နေသည်ဆိုသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။