လောင်းလုံး၊ ပန်းဒလဲရွာတွင် PDF နှင့် ပျူစောထီးတို့ ပစ်ခတ်မှုဖြစ်

0
1139

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ယနေ့ (မေ ၁) နံနက် ၁ နာရီခန့်က PDF ပူးပေါင်းတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ၊ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT) ပူးပေါင်းတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ ပစ်ခတ်ကြခြင်းဖြစ်ကြောင်း DDT က ထုတ်ပြန်သည်။

နံနက် ၁ နာရီခန့်မှ ၁ နာရီ ၄၅ မိနစ်အထိ အပြန်အလှန်ပစ်ခတ်မှုကြောင့် လောင်းလုံးပြည့်သူကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပန်းဒလဲရွာတွင် ဧပြီလ ၂၈ ရက်နေ့ နံနက်က ပျူစောထီးခေါင်းဆောင်၏ ညီမလည်းဖြစ်၊ ပျူစောထီး အဖွဲ့ဝင်လည်းဖြစ်သူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရသည်။ ယင်းနေ့ညတွင်ပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် သုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသည်။

ယင်းနောက် အခြေအနေတင်းမာလာကာ ပစ်ခတ်မှုဖြစ်လာကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့ PDF နှင့် ပျူစောထီးတို့ကြား ပစ်ခတ်မှု ဖြစ်ပြီးနောက် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာမှာတော့ ‌လူတွေတော်တော်များ တိမ်းရှောင်နေကြတယ်။ သက်ကြီးရွယ်အိုတွေကလွဲပြီး လူငယ်တွေ မရှိသလောက်နီးပါးပဲ” ဟု ၎င်းက ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး ပျူစောထီးအဖွဲ့၏ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုအခြေအနေကို မသိရသေးကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။