ဂျပန်-ရုရှား စစ်‌ရေးတင်းမာမှု သုံးသပ်ချက်

0
1313

“တုန့်ပြန်မှုတွေ ချက်ခြင်းလုပ်ပစ်မယ်” လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီဂေါမိုဂူလော့ဗ် က ပြောလိုက်တယ်။ရုရှား ပိုင်နက်နယ်မြေနားမှာ အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက  ဂျပန်အစိုးရကို သတိပေးလိုက်တာပါ။

ရုရှားနယ်မြေနားမှာ အမေရိကန်-ဂျပန် ရေကြောင်းစစ်ဆင်ရေး လေ့ကျင့်တာတွေ အရှိန်မြင့်လာတာကြောင့် တင်းမာမှုတွေ မြင့်တက်လာမယ်လို့ ဒုဝန်ကြီးက ပြည်တွင်းမီဒီယာတစ်ခုကို ပြောလိုက်တယ်။

ဂျပန်က ယူကရိန်းဘက်ကနေ ထောက်ခံတာ၊ NATO နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်တာတို့ လုပ်နေတာမို့ ဂျပန်အပေါ် ဒေါသထွက်နေတဲ့ ရုရှားအစိုးရဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ဆီကနေ သိမ်းထားတဲ့ ကျွန်းများ ပိုင်ဆိုင်မှုအရေး ကာလရှည် အငြင်းပွါးနေတဲ့ ပြဿနာကို ပြန်မွှေလာတယ်။

 “ဂျပန်ဘက်က ဒီလိုမျိုးလုပ်တဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်လို့ မြင်ပါတယ်” ဆိုပြီး ရုရှားဒုဝန်ကြီးက ပြောခဲ့တယ်။

“သံတမန်လမ်းကြောင်းကနေ ဂျပန်အစိုးရကို တိုက်ရိုက်သတိပေးခဲ့ပါတယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို တိုးချဲ့လာမယ် ဆိုရင်၊ ရုရှားကနေ တန်ပြန်တဲ့ လုပ်ရပ်တွေကို ကာကွယ်ရေးအတွက် လုပ်ရတော့မယ်ဆိုတဲ့ အချက်ကို ဂျပန်တွေ ပြင်ဆင်ထားစေချင်ပါတယ်” လို့ လည်း ပြောတယ်။

ဧပြီလ ၈ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဂျပန်ဖျက်သင်္ဘော ကွန်ဂို နဲ့ အီနာဇူမာ တို့ဟာ အမေရိကန် လေယာဉ်တင် စစ်သင်္ဘောအုပ်စု USS အေဘရာဟမ်လင်ကွန်း နဲ့ ပူးတွဲပြီး ဂျပန်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ ဖိလစ်ပိုင်ပင်လယ် တို့မှာ စစ်ရေးလေ့ကျင့်ခဲ့တယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ ရေကြောင်းစစ်ဆင်ရေး ဆက်သွယ်ရေး လေ့ကျင့်မှု၊ လေကြောင်းတိုက်ခိုက်ရေး သင်တန်း၊ ပူးတွဲရေကြောင်း တိုက်ခိုက်ရေး နဲ့ တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်မှု တွေပါတယ်လို့ အမေရိကန်ရေတပ်ရဲ့ အမှတ် (၇) စစ်ရေယာဉ်အုပ်က သတင်းထုတ်ပြန်တယ်။

လတ်တလော ဖြစ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ NATO အဖွဲ့ဝင် နိုင်ငံတွေပါဝင်နေပြီးတော့ ကာကွယ်ရေး အတွက်လို့ ပြောနေပေမယ့် တိုက်စစ်အတွက် ဆောင်ရွက်နေတဲ့ အနေအထားလို့ ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောလိုက်တယ်။

ခုလိုမျိုး အမေရိကန်-ဂျပန် အဆင့်မြင့်စစ်ဆင်ရေးလေ့ကျင့်ခန်းတွေ ရုရှားနားက ပင်လယ်ပြင်မှာ လာလုပ်နေတာဟာ ဧပြီလ (၁၄) ရက်နေ့က ဂျပန်ပင်လယ်ပြင်ထဲမှာ ရုရှားရေတပ်ရေငုပ်သင်္ဘောနှစ်စင်းကနေ Kalibr ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ်စမ်းသပ်ကြောင်း ထုတ်ပြန်ချက်အပြီးမှာ ဖြစ်လာခဲ့တာပါ။ ဖေဖော်ဝါရီလကုန် ခါနီးမှာ ယူကရိန်းကို ကျူးကျော်ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း ရုရှားက ဒေသတွင်းမှာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ထ လုပ်ခဲ့တာလည်း ဖြစ်တယ်။

ဂျပန်ပင်လယ်ထဲမှာ ပိုင်ဆိုင်မှုအရေး အငြင်းပွါးနေတဲ့ ကျွန်းစုတွေနားမှာ ရုရှားက စစ်ရေးလာလေ့ကျင့်တာဟာ ဥရောပ စစ်မျက်နှာသာမက၊ အာရှစစ်မျက်နှာဘက်မှာပါ တပြိုင်နက် စစ်ဆင်ရေးလုပ်နိုင်စွမ်းနဲ့ လက်နက်အင်အား ကို ပြလိုက်တာပဲလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့တယ်။

“ရုရှားရေတပ်ဟာ သူ့ရဲ့ ရေတပ်အင်အား ပြည်တွင်းနဲ့ နိုင်ငံတကာအဆင့် ခေတ်မီတာကို လက်ရှိစစ်ပွဲကာလမှာ ပြသခဲ့တာ ဖြစ်တယ်” လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူရိုကီရှီ က ယူကရိန်းစစ်ပွဲကို ရည်ညွှန်းပြီး ပြောခဲ့တယ်။

ဂျပန်ဘက်က သူတို့ရဲ့ မြောက်ပိုင်းနယ်မြေများလို့ ခေါ်တဲ့ အငြင်းပွါးကျွန်းများအပါအဝင် နေရာအတော်များများ မှာ ရုရှားက စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတယ်။ ရုရှားက စစ်အင်အား ၃၀၀၀ နဲ့ အဲဒီကျွန်းတွေနားမှာ စစ်ရေး လာလေ့ကျင့်တာကို ဂျပန်အစိုးရက သံတမန်လမ်းကြောင်းကနေ ရုရှားအစိုးရကို မတ်လ ၂၈ ရက်နေ့က လှမ်း ကန့်ကွက်ခဲ့သေးတယ်။

အငြင်းပွါးနေတဲ့ ကျွန်းလေးကျွန်းကို ရုရှားက တရားမဝင် ကျူးကျော်သိမ်းထားခဲ့တာလို့ ဂျပန်က ပြောခဲ့ပြီး ဆယ်စုနှစ် ၂ခုအတွင်းမှာ ဒီလို ပြင်းပြင်းထန်ထန်သုံးပြီး ပြောခဲ့တာ ပထမဆုံး ဖြစ်တယ်။ မြောက်ပိုင်းနယ်မြေ တွေဟာ ဂျပန်ရဲ့ အချုပ်အခြာအာဏာဖြစ်ပြီးတော့ ရုရှားက တရားမဝင်ကျူးကျော် သိမ်းထားတယ်ဆိုတဲ့ သဘောပြောနေခဲ့တယ်။

ရုရှားက သူ့ရဲ့အရှေ့ဖျားနယ်မြေတွေမှာ စစ်ရေးလာလေ့ကျင့်တာဟာ လုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါလို့ ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီးက ဂျပန်-အမေရိကန်ပူးတွဲ စစ်ရေးလေ့ကျင့်တာကို အပြစ်တင်ရင်း ပြောသွားခဲ့တယ်။

ယူကရိန်းစစ်ပွဲကာလမှာ မော်စကိုနဲ့ တိုကျိုရဲ့ ဆက်ဆံရေး ယိုယွင်းလာတာတော့ အမှန်ပဲ။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ က ယူကရိန်းအတွက် စားနပ်ရိက္ခာနဲ့ ဆေးများ၊ ဘဏ္ဍာရေး ထောက်ပံ့မှုများ၊ မောင်းသူမဲ့ယာဉ်များ၊ အကာအကွယ် နှာခေါင်းစည်းများ ပေးပို့မယ်လို့ သဘောတူခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဟာ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး နဲ့ ယခုနှစ်အတွင်း ဆက်သွယ်စကားပြောတာ (၄)ကြိမ်ရှိပြီ။

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်ဟာ အနောက်အုပ်စုရဲ့ ရုရှားအထီးကျန်ရေး ဆောင်ရွက်မှုတွေထဲမှာ ပါဝင်လာခဲ့တယ်။ ဂျပန်မှာရှိတဲ့ ရုရှားသံအမတ်တွေကို နှင်ထုတ်ခဲ့တယ်။ အနောက်အုပ်စုက လုပ်နေတဲ့ စီးပွါးရေး ပိတ်ဆို့မှုတွေမှာ ပါဝင်ခဲ့ပြီး မော်စကိုနဲ့ လုပ်နေတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို ရုပ်သိမ်းပစ်ခဲ့တယ်။

ဂျပန်ရဲ့ အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုဟာ ရုရှားအနေနဲ့ ခုလောက်ကြီး အသည်းအသန်ဖြစ်လောက်စရာ အထူးအဆန်း မဟုတ်ဘူးလို့ နိုင်ငံတကာစစ်ရေးသုံးသပ်သူတွေက ပြောနေကြတယ်။ ဂျပန်ကလည်း NATO နိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ ဗြိတိန်တို့နဲ့ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာနေတယ်။

ရုရှားကတော့ လက်စားချေတုန့်ပြန်မှုတွေ လာမယ်လို့ ပြောနေတယ်။ ယူကရိန်းမှာ စစ်ကျွံနေတဲ့ ရုရှားက တချိန်က ကမ္ဘာ့စစ်အင်အားကြီး ဂျပန် နဲ့ အပေါင်းပါ အမေရိကန်ကို တကယ်ရော အရှေ့ခြမ်းစစ်မျက်နှာမှာ ပြဿနာရှာနိုင်သလား။ တချို့လူတွေမှာ မလုပ်ရဲတာရော၊ မလုပ်သင့်တာရော မရှိပါ။