ထားဝယ်၊ ရေဝိုင်းရွာအနီး လက်နက်ကြီးဖြင့် ပစ်ခံရ၍ ဒေသခံများ စိုးရိမ်

0
938

ထားဝယ်မြို့နယ် ပကာရီကျေးရွာအုပ်စု ရေဝိုင်း‌ကျေးရွာအနီးကို ဧပြီလ ၂၇ ရက်ည ကိုးနာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် စိုးရိမ်နေရကြောင်း ဒေသခံအချို့က ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲသံ ၇ ချက်ခန့်ကြားရပြီးနောက် ငြိမ်သက်သွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အသံကအကျယ်ကြီးဆိုတော့ ရွာအနီးအနားမှာပဲ ဖြစ်တာဖြစ်မယ်ထင်တယ်။ ညဘက်ကြီးဆိုတော့ ကြောက်လန့်ပြီး ဘယ်သူ့မှလည်း အပြင်မထွက်ရဲကြဘူး” ဟု ၎င်းကဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသံကိုသာကြားရပြီး သေနတ်ပစ်သံများ မကြားရသဖြင့် ထိတွေ့တိုက်ပွဲ မဖြစ်နိုင်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ညပိုင်းဖြစ်သဖြင့် မည်သည့်နေရာမှ ပစ်ခတ်သည်ဆိုသည်ကိုမူ သေချာမသိကြောင်း ဒေသခံအချို့က ပြောသည်။

ဒေသခံရွာသားများမှာမူ တိမ်းရှောင်ခြင်းမရှိသေးဘဲ ယနေ့ (ဧပြီ ၂၈) အထိ ရွာထဲတွင်နေထိုင်ကာ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဧပြီလ ၂၄ ရက်မှ စတင်ပြီး ပကာရီကျေးရွာအနီးတွင် နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိသည်။