ဂေါ်ဖီထုပ်ကားအတွင်း ပုန်း၍လိုက်ပါလာသော မြန်မာလုပ်သား ၁၄ ဦး တာခ့်ခရိုင်တွင်ဖမ်းဆီးခံရ

0
272
ဂေါ်ဖီထုပ်ကားအတွင်း ပုန်း၍လိုက်ပါလာသော မြန်မာရွှေ့ပြောင်း လုပ်သားများ။ ဓာတ်ပုံ - MGR Online

ဂေါ်ဖီထုပ်များတင်ဆောင်လာသော ဟင်းသီးဟင်းရွက်ကားနှစ်စီးအတွင်း ပုန်း၍ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဧပြီလ ၂၇ရက်နေ့ ညနေ ၆ နာရီ၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်။

မဲဆောက်ဘက်မှမောင်းနှင်လာသော ဂေါ်ဖီထုပ်များသယ်ဆောင်လာသည့် ‌ဟင်းသီးဟင်းရွက်ကားနှစ်စီးကို ဖို့ပ်ဖလ-မဲဆောက် အမြန်လမ်း ကီလိုမီတာ ၃၀ တွင် စစ်ဆေးရေးဂိတ်ရှိ ရဲအရာရှိများက ကြားဖြတ် ရပ်တန့်စစ်ဆေးခဲ့ရာမှ အထောက်အထားမဲ့ မြန်မာလုပ်သား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂေါ်ဖီထုပ်ကားနှစ်စီးကို ထိုင်းနိုင်ငံသား သားအဖနှစ်ဦးက မောင်းနှင်လာပြီး မြန်မာလုပ်သားများသည် ကားအနောက်ဘက် ဂေါ်ဖီထုပ်များကြား အလယ်တွင် ကျပ်ညပ်ကာ ပုန်းအောင်းလိုက်ပါလာကြခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော မြန်မာလုပ်သား ၁၄ ဦးတွင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ပါဝင်ပြီး ဂေါ်ဖီထုပ်ကားနှစ်စီးအား မောင်းနှင်လာသော ထိုင်းနိုင်ငံသား ယာဉ်မောင်းသားအဖ နှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပေးပြီးနောက် သက်ဆိုင်ရာ ရဲစခန်းသို့‌ ပို့ဆောင်အရေးယူထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခံရပြီးနောက် စီးပွားရေးကျဆင်းကျပ်တည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာခြင်းနှင့် နိုင်ငံတွင်း လုံခြုံမှု မရှိခြင်းများကြောင့် ထိုင်းနိုင်ငံတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် တရားမဝင် ဝင်ရောက်လာသူအများအပြားရှိလာခြင်း ဖြစ်သည်။

ကိုးကား MGR Online ၊ AEC อาเซียน News