ပန်းဒလဲရွာတွင် ပျူစောထီးဟု နာမည်ထွက်သူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

0
616

လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာတွင် ပျူစောထီးဟု နာမည်ထွက်သည့် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ယနေ့ (ဧပြီ ၂၈) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ ပန်းဒလဲကျေးရွာသူဖြစ်ပြီး လေးတောင်မိန်းမ (ခေါ်) ဒေါ်သန်းသန်းသက်ဆိုသူ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါအမျိုးသမီးမှာ ယနေ့ နံနက်ပိုင်းက ကျေးရွာဈေးတွင် ဈေးကောက် ကောက်နေစဉ် ဆိုင်ကယ်စီး အမျိုးသားတစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပထမတစ်ချက်ပစ်တယ်။ မှောက်ရက်လဲကျသွားပြီးတော့မှ ပြန်လှည့်လာပြီး သုံးချက်ထပ်ပစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ဒေါ်သန်းသန်းသက်မှာ ပြီးခဲ့သည့်လပိုင်းက ပစ်သတ်ခံလိုက်ရသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ဦးဇော်နှင့် တစ်ဖွဲ့တည်းဖြစ်ပြီး ၎င်းတို့အဖွဲ့မှာ လက်နက်ကိုင်ဆောင်ထားက မကြာခဏ ပစ်ဖောက်လေ့ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာထဲလာတဲ့ ဈေးကားတွေကိုလည်း ပိုက်ဆံကောက်တယ်။ ကင်းစောင့်ခလို့ဆိုပြီး တစ်အိမ် သုံးထောင် နှုန်းနဲ့ သူကိုယ်တိုင် လိုက်ကောက်တာတွေ ရှိတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရပြီးနောက် အဆိုပါအမျိုးသမီး၏ အလောင်းကို တာလပတ်ဖြင့်လိပ်ပြီး ကားပေါ်တင်ကာ ယူဆောင်သွားသည်ကို တွေ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါအမျိုးသမီးကို Dawei Defense Team (DDT) က ပစ်ခတ်ရှင်းလိုက်လိုက်ခြင်းဖြစ်ကြောင်း DDT က ထုတ်ပြန်သည်။

၎င်းသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး ကျေးရွာဈေးတွင် ငွေကြေးကောက်ခံကာ စစ်ကောင်စီကို ကူညီပေးနေသူဖြစ်သည့်အပြင် ကိုယ်တိုင်လည်း သေနတ်ကိုင်ဆောင်ပြီး ကျေးရွာအတွင်း ရမ်းကား နေသဖြင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်မှ ဧပြီ ၂၈ ရက်နေ့အထိ ယင်းကျေးရွာတွင် ပျူစောထီးဟု နာမည်ထွက်သူ သုံးဦးထက်မနည်း ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။