တောင်ပိုင်းသင်္ကြန် အကျပ်အတည်း

0
2133
ဒီနှစ်မတ်လနဲ့ ဧပြီလဆန်း ထားဝယ်မှာ ဆောက်လုပ်နေတဲ့ သင်္ကြန်မဏ္ဍပ်

သင်္ကြန်ရေသေနတ် ရောင်းတဲ့ဆိုင်ရှေ့မှာတော့ အသက်ကိုးနှစ်အရွယ် ကလေးတစ်ဦးက ရေသေနတ်တွေကို သ‌ဘောကျပြီး ငေးကြည့်နေပါတယ်။ ပြီးတော့ သူ့အမေကို ရေသေနတ် ဝယ်‌ပေးဖို့ ပူဆာလိုက်တယ်။

လောင်းလုံးသူ ဒေါ်တင်လှက ဖိုးသားလေး ဆေးခန်းပြဖို့ ထားဝယ်ခေါ်သွားရာက ရေသေနတ်ဆိုင်ရှေ့ အရောက်မှာ ကလေးက ရေသေနတ်‌ဝယ်ပေးဖို့ ပူဆာနေတာဖြစ်ပါတယ်။

အမေဖြစ်သူကတော့ ဝယ်ပေးဖို့ တွန့်ဆုတ်၊ တွန့်ဆုတ်။

၂ နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ သင်္ကြန်ပွဲတော်ကို ဒီနှစ်မှာစည်ကားစွာ ကျင်းပနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေသလို စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့တွေကတော့ ဒီသင်္ကြန်မှာ မပါဝင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

အပြိုင်အဆိုင် အားပြိုင်နေကြတဲ့ ဒီနှစ်တောင်ပိုင်းသင်္ကြန်ပွဲတော်မှာ ဘယ်ဘက်ကအားသာ သွားမလဲဆိုတာကို ကြည့်ပြီး တော်လှန်ရေးရေချိန်ကို မှန်းဆနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

၂၀၂၀ မှာ ကိုဗစ်ကြောင့် သင်္ကြန်ပွဲတော် မကျင်းပနိုင်ခဲ့သလို ၂၀၂၁ မှာလည်း ကိုဗစ်နဲ့ အာဏာသိမ်းမူကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့။

၂၀၂၂ မှာတော့ စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို ပြန်ကျင်းပမယ်လို့ ထုတ်ပြန်ချက်နဲ့အတူ ထားဝယ်မြို့မှာလည်း သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်နေပါပြီ။

ဗဟိုမဏ္ဍပ်ကို ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ တိုင်းရဲတပ်ဖွဲ့ရုံး နှစ်ခုအကြားမှာရှိတဲ့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အနီးမှာ ဆောက်လုပ်ထားပါတယ်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးတောင်ဘက် မနီးမဝေးမှာရှိတဲ့ ဆောက်လုပ်ရေးဌာနရုံး ဝင်ပေါက်မှာလည်း မဏ္ဍပ်တစ်ခု၊ ထားဝယ်ကွန်ပျူတာတက္ကသိုလ်အနီးမှာရှိတဲ့ ဖိုးသီးချိုကလေးကစားကွင်း အဝင်ပေါက်မှာ မဏ္ဍပ်တစ်ခု ဆောက်လုပ်ထားပါသေးတယ်။

စစ်ကောင်စီဖက်ကတော့ ကိုဗစ်ရောဂါကူးစက်မူ ကျဆင်းလာပြီဖြစ်တာ‌ကြောင့် အရင်နှစ်တွေက မကျင်းပဖြစ်ခဲ့တဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေ အပန်းဖြေနိုင်ကြစေဖို့ ကျင်းပတာ ဖြစ်တယ်လို့ဆိုပါတယ်။

ထားဝယ်မှာသင်္ကြန်ပွဲတော် ကျင်းပမယ့် ကုန်ကျစရိတ်နဲ့ လုံခြုံရေးအခြေအနေတွေကို ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အသေးစိတ်ကို မသိဘူးလို့ ဆိုပါတယ်။

“မဏ္ဍပ်တွေတော့ ဆောက်နေပြီ။ အသေးစိတ်ကတော့ ကိုယ်လည်းမသိဘူး။ အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တာဆိုတော့လေ။ သူတို့ပဲ အသေးစိတ်ကို ပြောနိုင်လိမ့်မယ်” လို့ ၎င်းက ဆိုပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသူတွေကတော့ ဒီနှစ်စစ်ကောင်စီကကျင်းပမယ့် သင်္ကြန်ပွဲတော်ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမူ‌တွေကို အရှိန်လျော့သွားစေဖို့ ပျော်ပွဲ၊ ရွှင်ပွဲတွေနဲ့ အစားထိုးလှည့်ဖျားနေတာလို့ ထားဝယ်ခရိုင်သပိတ်‌ကော်မတီရဲ့ ဧပြီလ ၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းတာကို ဒီကနေ့အထိ ပြောက်ကျားဆန္ဒထုတ်ဖော်နေတဲ့ ထားဝယ်ခရိုင်က လူငယ်တစ်ဦးကတော့ “အသက်ရှင်နေသရွေ့သင်္ကြန်ဆိုတာ ဘယ်အချိန်မဆို ကျင်းပလို့ရတယ်။ တော်လှန်ရေးကာလမှာတော့ သပိတ်မှောက်ဖို့လိုတယ်လို့မြင်တယ်” ဆိုပြီးပြောပါတယ်။

“သင်္ကြန်မှာ မပါကြနဲ့ပါရင် ဒလန်လို့သတ်မှတ်ခံရမယ်လို့ ပြောနေတာဆိုတော့ ဒီနှစ်သင်္ကြန်မှာ နှစ်တိုင်းမျိုး မုန့်တောင်လုပ်ရမှာလား။ မလုပ်ရဘူးလား။ မသိသေးဘဲဖြစ်နေတယ်” လို့ဒေါ်တင်လှက ဆိုပါတယ်။



သင်္ကြန်ကာလမှာ မုန့်ဆီကြော် (မုန့်ဆီထိုးခွာ) ကိုယ်တိုင်ပြုလုပ်ပြီး ဘုရားဆွမ်းတော်ကပ်တဲ့ အလေ့အထတစ်ခု ထားဝယ်ဒေသမှာရှိပါတယ်။ ဒီနှစ်မှာတော့ ဒီလိုရိုးရာဓလေ့ပွဲမျိုးကိုတောင် လုပ်ဖို့ မရေရာကြသေးပါဘူး။

ပြီးခဲ့တဲ့နှစ် သင်္ကြန်ပွဲတော်မှာတော့ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်မှုတွေနဲ့အတူ တော်လှန်သင်္ကြန်အဖြစ် မြန်မာနိုင်ငံအနှံ့မှာ ဆင်နွဲခဲ့ကြပါတယ်။

အတာအိုးတွေမှာ တော်လှန်သင်္ကြန်ရေးပြီး အိမ်ရှေ့တွေမှာထားတာ၊ နွေဦးတော်လှန်ရေးဆိုတဲ့ စာသားတွေ ကပ်ထားတဲ့ အတာအိုးတွေကိုင်ပြီး ဆန္ဒပြချီတက်တာတွေ လုပ်ခဲ့ကြတာပါ။

ထားဝယ်မှာ တစ်ခုထူးခြားတာက သင်္ကြန်မတိုင်ခင် နှစ်ရက်အလို ဧပြီ ၁၁ ရက်နေ့မှာ ကလေးသင်္ကြန်ဆိုပြီး ကျင်းပကြတာဖြစ်ပါတယ်။ ဒီနှစ်အတွက် ဖိုးသားလေးသေနတ်နဲ့ ကလေးသင်္ကြန်ဆင်နွှဲရဖို့ မသေချာသေးပါဘူး။

ဖိုးသားလေးလိုပဲ နှစ်တိုင်းထားဝယ်သင်္ကြန်မဏ္ဍပ်တွေမှာ ဖျော်ဖြေနေကြတဲ့ ဝိုင်းတော်သားတွေလည်း ဒီနှစ်သင်္ကြန်မှာ အကျပ်ရိုက်နေကြပါတယ်။

အချို့တီးဝိုင်းအဖွဲ့သားနဲ့ အဆိုတော်တွေဟာ အကြောင်းပြချက်မျိုးစုံ‌ပေးပြီး ဒီနှစ်သင်္ကြန် ဖျော်ဖြေရေးမှာ မပါဝင်နိုင်တော့တဲ့ကြောင်း လူမူကွန်ရက်စာမျက်နှာ (Facebook) မှာ ရေးသားလာကြသလို ကိုယ်တိုင်ဖွင့်ဟကြသူတွေလည်းရှိပါတယ်။

“ကျွန်တော်တို့ အရမ်းဘေးကျပ်နံကျပ် ဖြစ်တယ်ဗျ။ ဘာလို့လဲဆို ပါပြန်ရင်လည်း ဒလန်လို့ပြောခံရမှာ မပါပြန်ရင်လည်း နောက်ဆိုရင် ဒီအလုပ်လုပ်ခွင့်မရတော့မှာ စိတ်ပူနေရတယ်” လို့ ဖျော်ဖြေရေးအဖွဲ့သား တစ်ယောက်က ပြောပါတယ်။

စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာတွေပဲ ကြုံနေရပြီး ပွဲငတ်နေတဲ့ ပြည်သူတွေအတွက်ကတော့ ပုံမှန်ဆိုရင် ဒီနှစ်သင်္ကြန်ပွဲတော်က စိတ်အပန်းဖြေရာအဖြစ် အားတက်သရော ပါဝင်ဆင်နွဲကြဖို့ ရှိပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ အပြိုင်အဆိုင် လွန်ဆွဲနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေ ဘယ်လောက်ပါဝင် ဆင်နွှဲကြမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်နေပါသေးတယ်။

နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပြီး ကောင်းခြင်းမင်္ဂလာတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကူးကြရမယ့်အချိန်အခါမျိုးဖြစ်ပေမယ့် ဒီနှစ်ကတော့ မတည်ငြိမ်မှုတွေကြောင့် မရေရာ မသေချာလှသေးပါ။

ရန်ကုန်လိုနေရာမျိုးမှာပင် မဏ္ဍပ်တွေကို လုံခြုံရေးထပ်ထပ် ချထားမယ်ဆိုတဲ့ ပေါက်ကြားလာတဲ့ လျှို့ဝှက်စာကြောင့်လည်း သင်္ကြန်က ရင်တထိတ်ထိတ်နဲ့ ဖြတ်သန်းရမယ့် အရိပ်အယောင် ပြနေတာပါ။

မလုံခြုံဖြစ်နေတဲ့ တော်လှန်ရေးကာလမှာ ပြည်သူတွေကရော အမှန်တကယ် ပျော်ရွှင်နိုင်ကြပါ့မလား ဆိုတာလည်း စောင့်ကြည့်ရပါဦးမယ်။

မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး ပွဲတော်တစ်ခုဖြစ်တဲ့ အတာသင်္ကြန်ပွဲတော်ကို မြန်မာတွေ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခွင့်ရမယ့် အချိန်ကာလကိုရောက်ဖို့တော့ မျှော်လင့်နေကြဆဲပါ။

ဖိုးသားလေးလို ကလေးတွေအတွက်လည်း လွတ်လွတ်လပ်လပ် ရေဆော့ကစားခွင့်ရမယ့် နေ့တွေက။