မလေးရှားဝန်ကြီးချုပ်သစ် အစိုးရအသုံးစရိတ်အတည်ပြုနိုင်ရန် ပါလီမန်အတွင်း ရုန်းကန်ရဖွယ်ရှိ

0
3788

မလေးရှားဝန်ကြီးချုပ်သစ် အန်နွာအီဘရာဟင် ရာထူးလက်ခံရယူပြီးနောက် ပထမဆုံးဆောင်ရွက်ရန်ရှိသည်မှာ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်အသုံးစရိတ်ကို ပါလီမန်အတွင်း အတည်ပြုနိုင်ရေးဖြစ်ကြောင်း CNA သတင်းဌာနက ဖော်ပြထားသည်။

ယင်းသို့ ဆောင်ရွက်နိုင်မှသာ ၎င်း၏ ရာထူးသက်တမ်း တရားဝင်လာမှုကို ပိုမိုခိုင်မာစေမည် ဖြစ်ကြောင်း လေ့လာသူများကို ကိုးကားလျက် CNA သတင်းဌာနက ရေးသားသည်။

နိုင်ငံတော် အသုံးစရိတ်ပြဋ္ဌာန်းနိုင်ရေးသည် ပါလီမန်၏ အယုံအကြည် မည်ရွေ့မည်မျှ ရရှိသည်ဆိုခြင်းကို ပြသခြင်း ဖြစ်ကာ၊ အောင်မြင်ခဲ့လျှင် ပြိုင်ဘက်ဖြစ်သူ မူယစ်ဒင်ယက်ဆင်၏ စိန်ခေါ်မှုများကို ကာကွယ်ရာတွင် ပိုမိုထိရောက် လာမည် ဖြစ်သည်။

ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များကြားတွင် အများစုသော ထောက်ခံမှုကို ၎င်းက ရရှိထားကြောင်း ဝန်ကြီးချုပ်ဟောင်း ယက်ဆင်က ယခုအထိ ပြောကြားနေဆဲ ဖြစ်သည်။

ဝန်ကြီးချုပ် အန်နွာအီဘရာဟင်က ကွာလာလမ်ပူရှိ တော်ဝင်နန်းတော်တွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုနေပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ် နိုင်ငံတော်အသုံးစရိတ်သည် ပါလီမန်ဟောင်း မဖျက်သိမ်းခင်ကအထိ အတည်မပြုနိုင်သေးဘဲ ဆွေးနွေးဆဲ ဖြစ်ကာ ဥပဒေအဖြစ် အတည်မပြုနိုင်သေးပေ။

ရင်းဂစ် ၃၇၂ ဒသမ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ) ဖိုး ဘတ်ဂျက်သည် တိုင်းပြည်၏ သမိုင်းတွင် ဒုတိယအကြီးဆုံး ဘတ်ဂျက်ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ဝန်ကြီးချုပ်အန်နွာအီဘရာဟင်သည် အတိုက်အခံအဖြစ် ဆယ်စုနှစ် နှစ်ခုကျော် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး ယခုမှ အစိုးရဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။