လောင်းလုံး တီဇစ်ကျေးရွာသွားလမ်းတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်ခတ်ခံရ

0
265
ညင်းမော် တီဇစ်သွားလမ်းတစ်နေရာ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ သွားလမ်းတစ်နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး ဧပြီလ ၄ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပစ်ခတ်ခံရသူမှာ ညင်းမော်ကျေးရွာသား အသက် ၄၀ ကျော်အရွယ် ဦးဗိုလ်လားဆိုသူဖြစ်ပြီး ၎င်းသည် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးပါတီဝင်တစ်ဦးဖြစ်ကြောင်း ညင်းမော်ဒေသခံတစ်ဦးက ပြောသည်။

ဦးဗိုလ်လားသည် အိမ်ဆောက်ပစ္စည်းများကို တီဇစ်ကျေးရွာသို့ ကားဖြင့်သွားရောက်ပို့ဆောင်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး လက်မောင်းတွင် ထိခိုက်ဒဏ်ရာရရှိကြောင်း ‌၎င်းက ဆိုသည်။

“ကလေးကို မထိလို့တော်သေးတယ်လို့ ပြောရမယ်။ သူနဲ့တူတူကားထဲမှာ ၂ နှစ်လောက် ကလေးတစ်ယောက်လည်း ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသူ၏ ဆွေမျိုးတစ်ဦးကမူ ဦးဗိုလ်လားသည် စစ်ကောင်စီနှင့်ပူပေါင်းပြီး သတင်းပေးသူတစ်ဦးဟု ရွာသားများက ထင်မြင်နေသော်လည်း သတင်းပေးလေ့မရှိကြောင်း ငြင်းဆိုသည်။

၎င်းအား မည်သည့်အကြောင်းကြောင့် မည်သူတို့က ပစ်ခတ်သည်ကိုမူ မသိရသေးပေ။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) အဖွဲ့ကမူ စစ်ကောင်စီနှင့်ပူးပေါင်းပြီး သတင်းပေးဒလန်လုပ်နေသည့် ကျေးရွာသုံးရွာမှ လူဆယ်ဦးကို စာတစ်စောင် ကျည်တစ်တောင့်စီ ပေးပို့သတိပေးထားကြောင်း မတ်လ ၂၇ ရက် ထုတ်ပြန်ခဲ့သည်။

မည်သည့်ကျေးရွာမှ မည်သူတို့ကိုသတိပေးခဲ့သည်ကိုမူ ဖော်ပြမထားပေ။

တီဇစ်ကျေးရွာ ပစ်ခတ်မူအပြီး ဧပြီလ ၅ ရက်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် လောင်းလုံး အထက်တန်းကျောင်း အနီးအနားကို ယခင်နေ့တွေကထက် လုံခြုံရေးတင်းကျပ်ထားကြောင်း လောင်းလုံးမြို့ခံတစ်ဦးက ပြောသည်။