ဆားထုတ်လတွင် မိုးကြောင့် မွန်ဆားကြမ်းထုတ်လုပ်မှု ရပ်နားထားရ

0
524

မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကြမ်းထုတ်လုပ်မှုလုပ်ငန်းများ ရပ်နားထားရကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

မတ်လအတွင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ဆားကွင်းများပျက်စီးပြီး မိုးဆက်လက် ရွာသွန်းနေသည့်အတွက် လက်ရှိတွင် ဆားထုတ်လုပ်မှုကို ရပ်နားထားရကြောင်း ဆားလုပ်ငန်းရှင် အချို့က ပြောသည်။

“မိုးက ဆက်တိုက်ရွာနေတော့ ဆားကျုံးလို့မရဘူး။ ဆားက ၅ ရက်လောက် နေပူတာနဲ့ လုပ်လို့မရဘူး။ ဆားဓါတ်ပါတဲ့ရေ ရဖို့ကလည်း အချိန်အကြာကြီးယူရတယ်။ နေလှန်းဖို့က အချိန် ၁၀ ရက်လောက်လိုတယ် နေကောင်းကောင်းပူရင်‌ပေါ့။ အခုက ရေလည်းမရှိဘူး” ဟု သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။

ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ဇန်နဝါရီလကတစ်ကြိမ်၊ ဖေဖော်ဝါရီလက နှစ်ကြိမ်၊ မတ်လက လေးကြိမ်ထက်မနည်း မိုးရွာသွန်းခဲ့ပြီး ဧပြီလဆန်းတွင်လည်း မိုးဆက်လက်ရွာသွန်းနေသည့်အတွက် ဆားကွင်းများပျက်စီးပြီး လုပ်ငန်းရပ်ထားရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်တို့ထံမှ သိရသည်။

“မတ်လ ဧပြီလက ဆားထွက်တဲ့လ၊ ဆားလပေါ့။ အခုက ဆားလက မိုးလဖြစ်သွားတော့ အကုန်လုံး ဆုံးရှုံးကုန်တာပေါ့” ဟု ရေးမှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယနှစ်ဆားထုတ်လုပ်ရာသီတွင် ဆားတောင်သူတို့က စက်သုံးဆီဈေးအပါအဝင် ကုန်ဈေးနှုန်းမြင့်တက် နေသည့် အခက်အခဲများကြားက ဆားထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်လာခဲ့ကြောင်း ဆားလုပ်ငန်းရှင်တို့က ပြောသည်။

ထိုကဲ့သို့ အခက်အခဲများကြားက လုပ်ကိုင်နေကြရသည့်အနေအထား၌ ရာသီဥတုကြောင့် ဆားထုတ်လုပ်မှုပါ ရပ်နားထားရသည့်အတွက် ယခုနှစ်တွင် ဆားလုပ်ငန်းရှင်များ အရှုံးပေါ်မည်ဟုလည်း ၎င်းတို့က ဆိုသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်ပြင်ဆင် ကြပြီး နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှန်းခြင်းကို စတင်လုပ်ကိုင်ကြကာ ဒီဇင်ဘာ၊ ဇန်နဝါရီလတွင် ဆားကြမ်းစတင်ထုတ်လုပ်ကြကြောင်း ပငဆားတောင်သူတို့၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ ကျိုက်ခမီမြို့နှင့် စက်စဲ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျွေရွာတို့တွင် နေလှန်းဆား တန်ချိန်သောင်းနှင့်ချီ ထုတ်လုပ်ရာ ဒေသဖြစ်သည်။

မွန်ပြည်နယ်မှ ထွက်သည့်ဆားများကို ပြည်နယ်အတွင်း အသုံးပြုသည့်အပြင် အထက်မြန်မာပြည် မန္တလေးဈေးကွက်၊ ကရင်ပြည်နယ်နှင့် တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချနေကြောင်း ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။