ကုလားဂုတ်ငါး ဈေးနှစ်ဆနီးပါးတက်

0
311
မြိတ်ငါးလေလံဈေးအတွင်း ကမ်းနီးငါးများ ရောင်းချနေသည်ကို တွေ့ရစဉ်။

မြိတ်ကမ်းနီးလှေငယ်များက ဖမ်းဆီးရမိသည့်ငါးများအနက် ကုလားဂုတ်ငါးများ ဈေးနှစ်ဆနီးပါး ဈေးပိုရလာကြောင်း ငါးဖမ်းလှေလုပ်ကိုင်ကြသူများက ပြောသည်။

ကုလားဂုတ်ငါးအစိမ်း တစ်ပိဿာ လွန်ခဲ့သည့်သုံးလခန့်က လေးထောင်ငါးရာကျပ်သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ်ရှစ်ထောင်ဝန်းကျင်အထိ ဈေးရရှိနေကြောင်း ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူများက ဆိုသည်။

“ဒီငါးတွေက ဖမ်းဆီးရမိမှုနည်းလာတယ်။ ရှားလာတယ်။ ဒါကြောင့်ဈေးတက်သွားတာပါ” ဟု ကမ်းနီး ငါးဖမ်းလှေရှင် ကိုထွန်းနောင်က ပြောသည်။

ကမ်းနီးလှေငယ်များတွင် ဖမ်းဆီးရမိသည့် အခြားငါးများမှာ ယင်းကဲ့သို့ ဈေးမတက်ဘဲ တစ်ပိဿာလျှင် ငါးရာကျပ်မှ တစ်ထောင်အထိသာ ဈေးပိုရကြောင်း ငါးဖမ်းလှေလုပ်ငန်းရှင် ကိုစိုးနိုင်ကပြောဆိုသည်။

“ဈေးက နည်းနည်းကောင်းလာတယ်ဆိုပေမယ့် ဆီစရိတ်၊ စားစရိတ်က ဈေးကြီးတော့ မကျန်ဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ငါးဖမ်းဆီးရမိမှုလည်း တစ်နှစ်ထက်တစ်နှစ် နည်းလာကြောင်း ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူများ ထံမှ သိရသည်။

ယခင်နှစ်က လှေတစ်ခေါက်ထွက်လျှင် ကမ်းနီးငါးမျိုးစုံ အချိန်ပိဿာ သုံးရာခန့်ရနေရာမှ လက်ရှိတွင် အချိန်နှစ်ရာ ဝန်းကျင်သာ ရရှိတော့ကြောင်း ၎င်းတို့က ပြောပြသည်။

“နားလိုက်ရင်လည်း ထမင်းငတ်ဖို့ပဲရှိတယ်။ ရတဲ့အခါရ၊ ရှုံးတဲ့အခါလည်းရှုံး။ ဒီလိုပဲ ဆက်လုပ်နေရတယ်” ဟု ကိုစိုးနိုင်က ပြောသည်။

ကမ်းနီးလှေတစ်စီးလျှင် လှေလုပ်သားငါးဦးခန့်ပါရှိပြီး လှေတစ်ခေါက်ထွက်လျှင် ဆယ်ရက်ခန့်ကြာကြောင်း ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူများ ထံမှ သိရသည်။၏

အဆိုပါလှေငယ်များ မြိတ်မြို့နှင့်အကွာအဝေး ရေမိုင်ငါးဆယ်တစ်ဝိုက်တွင် ဖမ်းဆီးကြလေ့ရှိသည်။

မြိတ်ခရိုင်အတွင်း ကမ်းနီးငါးဖမ်းလှေငယ် သောင်းချီကာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသည်။