တိုက်ပွဲဂယက်ကြောင့် မွန်တွင် ထိုင်းသွင်းကုန်ပစ္စည်းများ ဈေးတက်

0
307

မွန်ပြည်နယ်အတွင်း ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်းနေသည့် စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများ ဈေးထပ်မံမြင့်တက်လာကြောင်း ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူနှင့် စားသုံးသူအချို့တို့ထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်တို့အကြား မတ်လကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

KNU က မတ်လ ၂၇ ရက်နေ့မှစကာ အာရှလမ်းမကြီးကို အသုံးမပြုကြရန်လည်း ထုတ်ပြန်ထားသည့် အတွက် ကုန်စည်စီးဆင်းမှုလည်း ရပ်ဆိုင်းလုနီးပါးဖြစ်သွားကြောင်း ကုန်ပစ္စည်း တင်သွင်းရောင်းချသူ အချို့ထံမှ သိရသည်။

ယနေ့ (ဧပြီ ၄) နံနက်ပိုင်းကလည်း ခရီးသည်တင်ကားတစ်စီးအပါအဝင် ကားသုံးစီး မီးရှို့ခံခဲ့ရသည်။

မွန်ပြည်နယ်ဈေးကွက်မှာ ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုး အများစုသည် မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများဖြစ်ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တိုက်ပွဲဂယက်ကြောင့် မွန်ပြည်နယ်ဈေးကွက်အတွင်း ရောင်းချ နေသည့် ထိုင်းကုန်ပစ္စည်းများ အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၁၀၀ ကနေ ကျပ် ၁၀၀၀ ဝန်းကျင်ခန့်အထိ ဈေးတက်သွားကြောင်းလည်း ဈေးကွက်အတွင်းမှ သိရသည်။

“ယိုးဒယားပစ္စည်းတွေ အကုန်ဈေးတက်နေတယ်။ ပဲပိစပ်ဆီ (တစ်လီတာဗူး) က ၄၄၀၀/၄၅၀၀ ကနေ အခု ၅၀၀၀ ကျော်သွားပြီး၊ ဆိုင်တွေကတော့ မြဝတီလမ်းပိတ်လို့ ပစ္စည်းတွေမဝင်လို့ ဈေးတက်တယ်တဲ့” ဟု စားသုံးသူ မအေးမွန်က ပြောသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံကနေ တင်သွင်းရောင်းချနေသည့် စားသောက်ကုန်များ အသုံးအဆောင်ပစ္စည်းများ ဈေးတက်ပြီး အချို့ကုန်ပစ္စည်းဆိုလျှင် ဈေးကွက်အတွင်း ပြတ်လပ်သွားသည်လည်း ရှိကြောင်း‌ထိုင်းကုန်ပစ္စည်းရောင်းသူတို့ထံမှ သိရသည်။

“လမ်းအခြေအနေမကောင်းတော့ ထိုင်းပစ္စည်းတွေ သယ်လာလို့မရ။ ပစ္စည်းတွေ ပြတ်လပ် ဈေးတက်၊ ဒီနေ့ (ဧပြီ ၄) လည်း တိုက်ပွဲထပ်ဖြစ် ကားတွေ မီးရှို့ခံပြန်ပြီ၊ အတိုင်းပဲဆိုရင် ဈေးက ဒီထက် ထပ်တက်ဦးမယ်” ဟု မော်လမြိုင်မှ ထိုင်းကုန်ပစ္စည်းရောင်းသူတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ဆန်၊ ဆီ အစရှိသည့် အခြေခံ စားသောက် ကုန်များ၊ ထိုင်းမှ တင်သွင်းရောင်းချနေသည့် ကုန်ပစ္စည်းများ ဈေးစတက်လာကာ လက်ရှိအချိန်ထိ ဈေးနှုန်း နှစ်ဆကျော် သုံးဆနီးပါးအထိ ဈေးတက်လာကြောင်း စားသုံးသူတို့ထံမှ သိရသည်။