စက်သုံးဆီဈေး အနည်းငယ်ပြန်ကျ

0
294

စက်သုံးဆီဈေး အနည်းငယ်ပြန်ကျလာကြောင်း မြိတ်မြို့က စက်သုံးဆီဆိုင်များထံမှ သိရသည်။

မတ်လ ဒုတိယပတ်က မြိတ်မြို့တွင် ဓါတ်ဆီတစ်လီတာ ကျပ် ၂၃၀၀ အထိ မြင့်တက်ခဲ့ပြီးနောက် ယနေ့ (မတ် ၃၀) တွင် တစ်လီတာ ၂၀၅၀ ကျပ်ဖြင့် ရောင်းချနေကြောင်း စက်သုံးဆီဆိုင်များထံမှ သိရသည်။

အလားတူ ဒီဇယ်ဆီတလီတာ (ရိုးရိုးဆီ) ၂၃၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး လက်ရှိတွင် ကျပ် ၂၁၀၀ ဖြင့် ရောင်းချနေကြောင်း ၎င်းတို့ထံမှ သိရသည်။

လက်ရှိကမ္ဘာ့ရေနံဈေးကွက်တွင် ဆီဈေးနှုန်း ကျလာသဖြင့် ယင်းသို့ဈေးကျဆင်းလာခြင်းဖြစ်ကြောင်း မြိတ်မြို့က ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မတ်လ ဒုတိယပတ်က ဒီဇယ်တစ်ပေပါ ငါးသိန်းသုံးသောင်းကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီးနောက် မတ်လ ၃၀ ရက်နေ့တွင် လေးသိန်းလေးသောင်းကျပ်သာ ပေါက်ဈေးရှိတော့ကြောင်း အထက်ပါလုပ်ငန်းရှင်က ပြောသည်။

စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ခေတ္တရပ်နားလိုက်သည့် ကမ်းနီးငါးဖမ်းလှေအချို့သည်လည်း ဆီဈေး အနည်းငယ်ပြန်ကျလာသည့်အတွက် လှေပြန်ထွက်နေကြပြီဖြစ်ကြောင်း ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များက ပြောဆိုသည်။

“လှေတွေ ပြန်ထွက်နေကြပြီ” ဟု မြိတ်မြို့က ကမ်းနီးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ဒီဇယ်တစ်ပေပါ တစ်သိန်းသုံးသောင်း ဝန်းကျင်ရှိရာမှ ဖေဖော်ဝါရီလမှ စတင်ကာ တဖြေးဖြေး ဈေးတက်လာပြီး လက်ရှိအချိန်တွင် ဒီဇယ်တစ်ပေပါ ကျပ်လေးသိန်းခွဲခန့်ပေါက်ဈေး ရှိနေကြောင်း ဆီဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။