ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် ပစ်ခတ်မှုတွင် ကလေးနှစ်ဦး ကျည်ထိမှန်သေဆုံး

0
414

မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ဖြစ်ပွားသည့် ပစ်ခတ်မှုကြောင့် ခရီးသွား ကလေးနှစ်ဦး ကျည်ထိမှန်သေဆုံးသွားကြောင်း ခရီးသွားပြည်သူများနှင့် ယင်းအနီးဝန်းကျင်က ဒေသခံများထံမှ သိရသည်။

သထုံနှင့် ဘီးလင်းမြို့နယ်အကြား ကားလမ်းမပေါ်တွင် မတ်လ ၂၉ ရက်နေ့ နံနက်က စစ်ကောင်စီတပ် ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး အင်အားစု TPDF ပူးပေါင်းတပ်တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်ရပ်တွင် ခရီးသွားယာဉ်တစ်စီး ပစ်ခတ်ခံရသဖြင့် ယာဉ်ပေါ်လိုက်ပါလာသည့် အသက် ၆ နှစ်၊ အသက် ၉ နှစ် အရွယ် ကလေးနှစ်ဦး ကျည်ထိမှန်သေဆုံးပြီး အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်ကာ ဒဏ်ရာရကြောင်း ခရီးသွားပြည်သူအချို့ထံမှ သိရသည်။

၎င်းတို့မှာ သထုံမြို့နယ် မြေနီကုန်း ဇရစ်ချောင်းကျေးရွာတွင် နေသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဆုံးသွားတဲ့ ကလေးနှစ်ယောက်ရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့လယ်မှာ ရွာမှာပဲ သင်္ဂြိုဟ်လိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်ဒဏ်ရရှိခဲ့သည့် အမျိုးသားမှာ သထုံမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းပစ်ခတ်မှုကြောင့် ဘီးလင်းနှင့် သထုံအကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် လမ်းပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့ကြောင်း ခရီးသွားသူအချို့ထံမှ သိရသည်။