တိုက်ပွဲဖြစ်မည်စိုးရိမ်သဖြင့် တောင်ပျောက်တိုက်နယ်က ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး

0
197
ဓာတ်ပုံ - ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီးနောက် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူများတွင် တစ်နှစ်အောက်ကလေးမှစ၍ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၊ သက်ကြီးရွယ်အိုများလည်းပါဝင်ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ (မတ် ၃၀) နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်များက စစ်ကား သုံးစီးဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း အဆိုပါတိုက်နယ် ကျွဲခြံရွာနှင့် ဝင်းကဖော်ကျေးရွာမှ ဒေသခံအချို့က ပြောဆိုသည်။

ယခင်က သဲချောင်းကြီးရွာရှိ ရဲကင်းစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ ခန့်သာရှိပြီး ယနေ့ နံနက်ပိုင်းတွင် ထားဝယ်ဘက်က စစ်ကား သုံးစီးဖြင့်ဆင်းလာကာ စစ်အင်အား တိုးလိုက်သည့် အနေအထား ရှိကြောင်း ၎င်းတို့က ဆိုသည်။

ယင်းကြောင့် တိုက်ပွဲဖြစ်လာမည့် အနေအထားရှိသဖြင့် သဲချောင်းကြီးရွာနှင့် အနီးကပ်ဆုံးရှိသည့် ကျွဲခြံရွာနှင့် ဝင်းကဖော်ရွာမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွဲခြံရွာနှင့် ဝင်းကဖော်ကျေးရွာမှ အရပ်ဘက် ကျန်းမာရေးမှူးဖြစ်သူ ကိုသူရက ပြောသည်။

“အခု(မွန်းလွဲ) ၂ နာရီထိုးတည်းက ကျွန်တော်တို့မှာ အိမ်တွေအားလုံးကို စွန့်ခွာပြီး တောထဲကို ပြေးနေ ရတယ်ဗျာ။ ကျွဲခြံနဲ့ ဝင်းကဖော်ကတော့ တစ်ရွာလုံးပေါ့နော်။ အိမ်တိုင်းမှာ လူမရှိတော့ဘူး။ အိမ်တိုင်းလိုလို ပြေးရတယ်ပေါ့နော်။ တကယ်လို့ဖြစ်လာလို့ရှိရင် ကျွဲခြံနဲ့ ဝင်းကဖော်က အရင် ထိပ်ဆုံးထိမယ့် နေရာဆိုတော့ အရင်လွတ်ရာကိုပြောင်းရွှေ့ထားရတယ်ဗျ” ဟု ၎င်းက ဆိုသည်။

လက်ရှိကို သူရတို့ရောက်ရှိနေသည့် နေရာတွင် ကျွဲခြံ၊ ဝင်းကဖော်၊ ကျောက်အိုင်၊ မယ်ကဲ လေးရွာရှိပြီး လူဦးရေ ၄၀၀ နီးပါးခန့်ရှိကြောင်း ပြောဆိုသည်။

တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးလေ့ရှိပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ဒေါင်းမင်းစစ်ဆင်ရေးတို့နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူများလည်းရှိနေပြီး အခြေအနေ အနည်းငယ် တည်ငြိမ်လျှင် နေရပ်တွင် ပြန်လာနေထိုင်ပြီး တိုက်ပွဲပြန်ဖြစ်မည့် အနေအထားဖြစ်လျှင် ပြန်တိမ်းရှောင်ရလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်လာလျှင် အဆင်သင့်ပြေးလွှားနိုင်ရန်အတွက် တစ်ပိုင်တစ်နိုင် သယ်ယူသွားနိုင်သည့် အဝတ်အထည်၊ စောင်နှင့် စားနပ်ရိက္ခာများကို ကြိုတင်ထုတ်ပိုးထားကြရကြောင်း ဒေသခံတို့က ပြောသည်။

“ကျွန်မတို့ အခုပြေးနေတာ တောထဲရောက်သွားပြီရှင့်။ တစ်ရွာလုံးပဲ ပြေးနေတယ်ရှင့်။ စစ်ကြောင်း ထိုးလာတယ်ဆိုတာကတော့ (တိုက်ပွဲဖြစ်မလား) ပြောလို့ မတတ်ဘူး” ဟု တောင်ပျောက်တိုက်နယ် အလယ်စုကျေးရွာအရှေ့ဘက်ကမ်းမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အလယ်စုရွာမှာ သဲချောင်းကြီးရွာနှင့် တဆက်တည်းရွာဖြစ်ပြီး မွန်းလွဲ ၂ နာရီခန့်တွင် အလယ်စုရွာ အနောက်ဘက်ကမ်းကို စစ်တပ်ရောက်နေပြီ သတင်းကြားသဖြင့် ထွက်ပြေးလာခဲ့ရကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

“ကျွန်မတို့နားမှာတော့ လူ ၅၀ လောက်ရှိတယ်။ ရိက္ခာတွေကတော့ ကိုယ့်နဲ့တော့ ဆန် တစ်ပြည် နှစ်ပြည်တော့ ပါလာတာပေါ့။ ကြိုပြီးထားထားတာလည်းရှိတယ်။ လက်ရှိစားဖို့ကတော့ ငါးတွေ သားတွေ ကြော်စားလာတာပေါ့နော်၊ ငါးခြောက်တွေ ပိထောင်းတွေ အဲဒီလိုမျိုးတွေ” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

ဝင်းကဖော်ကျေးရွာမှ လူငယ်အမျိုးသမီးတစ်ဦးကလည်း ၎င်းတို့ ရောက်ရှိနေသည့် နေရာအနီးတွင် နေအိမ်ကို စွန့်ခွာထွက်ပြေးလာသူ တစ်ဆယ်ကျော်ရှိကြောင်း ပြောဆိုသည်။

“ဒီညတော့ တိုက်ပွဲအသံ ကြားချင်လည်း ကြားရနိုင်တယ်။ ဒီမှာကတော့ အဖိုးကြီး အဖွားကြီး သုံးလေးယောက်လောက်နဲ့ နေနေတာပေါ့။ အမေတို့နဲ့ တူတွေနဲ့ကိုတော့ တခြားတစ်နေရာကို ပြေးသွားကြတယ်။ ကျွန်မတစ်ယောက်တည်း ကျန်ခဲ့တာပေါ့လေ။ ရွာက အိမ်နီးနားချင်းတွေနဲ့လေ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်များသည် ယခင်ကပင် တောင်ပျောက်တိုက်နယ် အဝင်အထွက် လမ်းကြောင်းနှစ်ခုစလုံးကို ဂိတ်ချပိတ်ဆို့ထားပြီး ဒေသခံများ အသွားအလာ၊ ကုန်ပစ္စည်း သယ်ဆောင်မှုတို့ကို ကန့်သတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။