မောင်မယ်ရှောင်ရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်ခတ်ခံရ

0
325

ထားဝယ်ခရိုင် မောင်မယ်ရှောင်ကျေးရွာတွင် ယနေ့ (မတ် ၂၉) ညနေပိုင်းက ဒလန်ဟု သတင်းထွက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကိုဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အသက် ၆၀ ဝန်းကျင်အရွယ် ဦးကိုဝင်း (ခေါ်) ဦးစိုက်ပျိုး ယနေ့ ညနေ ၅နာရီဝန်းကျင်က နေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦး လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လက်မောင်း ‌နောက်ကျော၊ ရင်ဖက်၊ ဝမ်းဗိုက် သေနတ်ဒဏ်ရာ‌ လေးချက်တွေ့ရတယ်။ သတိတော့ ရှိသေးတယ်” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

ဦးကိုဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး လက်ရှိစစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်လည်း အတူသွားလာသည်များကို တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။

ဦးကိုဝင်းသည် စစ်ကောင်စီအတွက် ဒလန်လုပ်နေသဖြင့် ပစ်ခတ်ခဲ့ကြောင်း Dawei Tiger Force (DTF) က ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရပြီးနောက် ဦးကိုဝင်းကို ထားဝယ်အခြေစိုက် လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့က ထားဝယ် စစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းနောက် ၎င်းမှာ ဆေးရုံတွင် သေဆုံးသွားသည်ဟု သတင်းကြားရသော်လည်း တိတိကျကျ မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်ခရိုင် မောင်မယ်ရှောင်ကျေးရွာသည် ထားဝယ်မြို့မှသုံးမိုင်ခန့်အကွာတွင်တည်ရှိသည်။