ထားဝယ်တွင် ဖျက်မိုးကြောင့် ဆားအထွက်လျော့

0
509
ဆားလုပ်ငန်းတစ်နေရာ

ထားဝယ်တွင် အချိန်အခါမဟုတ် ရွာသွန်းသည့် ရာသီဖျက်မိုးကြောင့် ဆားအထွက်လျော့သွားကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။

မိုးကြောင့် ဆားကွင်းအတွင်း မိုးရေများပြည့်နေသဖြင့် ဆားချက်၍ မရဘဲ လုပ်ငန်းရပ်နားထားသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း ပြင်ကြီးကျွန်းတွင် ဆားကွင်း ဧက ၂၁၀ ခန့်ရှိသည့် ထားဝယ်မြို့မှ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။

“တစ်ပတ်ကျော်ပြီပေါ့။ လုံးဝ နားထားရတယ်။ ကွင်းထဲမှာ မိုးရေချည်းပဲ ပြည့်နေတယ်။ ခါတိုင်းနှစ်ဆို ဒီအချိန်က ကျွန်တော့် ကွင်းအနေအထားနဲ့ဆိုရင် ဆား (ပိဿာ) ငါးသိန်း ခြောက်သိန်းကြားလောက် ရပြီပေါ့။ အခုကျတော့ ဆား တစ်သိန်းခွဲလောက်ပဲ ရသေးတယ်။ အဓိက မိုးကြောင့်ပဲ” ဟု ဦးသန်းဝင်းက ဆိုသည်။

ဖျက်မိုးကြောင့် ဆားအထွက်လျော့သွားသဖြင့် အလုပ်သမားခစရိတ် ကျေအောင်ပင် မနည်းလုပ်ရမည် ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောဆိုသည်။

“ခါတိုင်းနှစ်တွေက တစ်လလောက်မှ တစ်ခါ နွေမိုး နည်းနည်းပါးပါး ကြုံတာတော့ရှိတယ်။ ဒါပေမယ့် ဒီနှစ်က နွေမိုးနဲ့ မတူဘဲ မိုးတွင်း မိုးလိုမျိုး ရွာနေတာ ဆိုးတယ်” ဦးသန်းဝင်းက ဆိုသည်။

အလားတူ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာမှ တစ်နိုင်တစ်ပိုင် မီးချက်ဆားလုပ်သည့် ဒေါ်မြင့်စန်း တို့မှာလည်း ရာသီဖျက်မိုးကြောင့် ရေငန်မွေးမြူ၍ မရသဖြင့် ဆားအထွက် ထက်ဝက်ခန့်လျော့သွားကြောင်း ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဖေဖော်ဝါရီလ ဒုတိယအပတ်ခန့်ဆိုလျှင် ဆား ပိဿာချိန် ၁၅၀၀၀ ခန့်ရရှိနေပြီ ဖြစ်သော်လည်း ယခုနှစ်တွင် ဖျက်မိုးကြောင့် ၇၀၀၀ ခန့်သာ ရသေးကြောင်း ဒေါ်မြင့်စန်းက ဆိုသည်။

“အခုက တပို့တွဲလပဲ ရှိသေးတာဆိုတော့ မျှော်လင့်ချက်ထားပြီးတော့ လုပ်နေကြတာပဲ။ နေ နည်းနည်း ပူလာရင် နည်းနည်းပါးပါး ရမလားဆိုပြီး ထလုပ်နေကြတာပဲ။ ရေခွက်ထဲကို ရေဝင်သွားပြီဆိုရင်တော့ လုပ်ရခက်သွားတယ်။ နေကောင်းကောင်းပြန်ပူမှ အဲဒီလယ်ကွက်ကို ပြန်ပြင်၊ တခါရေပြန်မွေးနေရတာပေါ့” ဟု ဒေါ်မြင့်စန်းက ပြောသည်။

ဖေဖော်ဝါရီလတွင် မိုးခပ်စိတ်စိတ်ရွာနေသဖြင့် ယခုလ ဒုတိယအပတ်တွင် ရေငန် လုံးဝ မွေးမရဘဲ ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

ပြင်းဖြူကြီးရွာတွင် ဆားကို ထင်းမီးဖြင့် ချက်လုပ်ကြပြီး တစ်နိုင်တစ်ပိုင် ဆားချက်လုပ်သည့် တောင်သူ ခုနစ် ဦးခန့်ရှိကြောင်း ဆားချက်လုပ်သူများထံမှ သိရသည်။

လက်ရှိ ဆားထွက်ရာသီတွင် မီးချက်ဆား တပိဿာ ဖောက်သည်ဈေး ၃၅၀ ကျပ်ခန့်ရှိပြီး နေလှန်းဆား တပိဿာလျှင် ၂၂၀ ကျပ်ခန့်ရှိကြောင်း ဆားချက်လုပ်သူများထံမှ သိရသည်။

တနင်္သာရီတိုင်းတွင်း ဆားကို အိမ်တွင်စားသုံးသည့်အပြင် ရေလုပ်ငန်းနှင့် ငပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းချရာတွင်လည်း ဒေသထွက်ဆားကို အဓိထား အသုံးပြုကြသည်။

ပြီးခဲ့သည့်နှစ်ကလည်း ဖျက်မိုးကြောင့် ဆားအထွက်လျော့သဖြင့် လက်ကျန်ဆားနည်းနေပြီး ယခုနှစ်လည်း ဆားအထွက် လျော့ဦးမည်ဆိုပါက ဆားဈေး ထပ်တက်နိုင်ကြောင်း ဦးသန်းဝင်းက ခန့်မှန်းပြောဆိုသည်။