တနင်္သာရီတွင် စစ်ဘေးရှောင် နှစ်ထောင်ကျော် စားနပ်ရိက္ခာလိုအပ်

0
247
ပုံစာ - တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံအချို့

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာနှင့် လယ်သစ်ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် နှစ်ထောင်ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် အကူအညီပေးနေသူများ ထံမှသိရသည်။

လယ်သစ်ကျေးရွာနှင့် ပဝကျေးရွာတို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး တိုက်ပွဲများဖြစ်ပေါ် နေသည့်အတွက် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာသားများက ပြောသည်။

“ရွာကိုလည်း မပြန်ရဲသေးဘူး။ ရက်ကြာလာရင်တော့ ကျွန်မတို့အတွက် စားရေးသောက်ရေး အခက်အခဲ ဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်” ဟု ပဝကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင် ရွာသားများသည် နီးစပ်ရာရွာများရှိ အသိမိတ်ဆွေများထံတွင် သွားရောက် ခိုလုံနေကြသလို တောအတွင်းသို့ ဝင်ရောက်တိမ်းရှောင်နေကြသူများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ပဝကျေးရွာအုပ်စုနှင့် လယ်သစ်ကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ်များနှင့် PDF တို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေပြီး ရွာသားအချို့ ဖမ်းဆီးခံရခြင်း၊ အသတ်ခံရခြင်းများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ပဝကျေးရွာနှင့် လယ်သစ်ကျေးရွာတို့သည် အိမ်ခြေတစ်ထောင်ကျော်ရှိကြသည့် ကျေးရွာများဖြစ်ပြီး တနင်္သာရီမြစ်လက်တက်ကမ်းပါး တစ်ဖက်တစ်ချက် ပေါ်တွင် တည်ရှိသည်။