ထားဝယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူထပ်တိုး

0
263

ထားဝယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၀) ကိုဗစ်ကြောင့် သေဆုံးသူ အမျိုးသမီးတစ်ဦး ထပ်တိုးလာကြောင်း နာရေးကူညီမှု-ထားဝယ် ထံမှ သိရသည်။

ယခုသေဆုံးသူ အသက် ၆၀ ခန့်ရှိ အမျိုးသမီးမှာ လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာမှဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။

အဆိုပါနေ့တွင်ပင် ရေဖြူမြို့နယ်က အသက် ၅၉ အရွယ် အမျိုးသမီးတစ်ဦးလည်း ကိုဗစ်ကြောင့် သေဆုံး သွားသဖြင့် မီးသင်္ဂြိုလ်ပေးခဲ့ရကြောင်း နာရေးကူညီမှု-ထားဝယ်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

“ဒီဟာကို ပေါ့ပေါ့ပါးပါးနဲ့ သွားနေရတယ်ဆိုပြီး ထင်နေတုန်း။ တကယ်လည်း ပေါ့ပေါ့ပါးပါးနဲ့ သွားနေကြ တာကိုး။ အခုကူးနေတာ အိုမီခရွန်လား၊ ဒယ်လ်တာလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အခုလောလော ဆယ် ကျွန်တော်တို့ စိတ်ပူတာက မနေ့ကလည်း ဆုံးတယ်။ ဒီနေ့လည်း ဆုံးတယ်။ ဆက်တိုက်ဖြစ်နေ တယ်။ မနက်ဖြန်လည်း ဆုံးဦးမယ်ဆိုရင် ထူးခြားအခြေအနေဖြစ်သွားပြီပေါ့နော်” ဟု ၎င်းက ပြောသည်။

ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း လက်ရှိကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါမှာ မည်သည့်မျိုးကွဲဖြစ်သည်ကို အတိအကျပြောရန် ခက်ခဲကြောင်း ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းက ဖြေဆိုထားသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်ကူးစက်သူ နေ့စဉ်တွေ့ရှိနေပြီး ဖေဖော်ဝါရီလ ၁၈ ရက် တစ်ရက်တည်း တွင် ကိုဗစ် ပိုးကူးစက်သူ ၁၁၃ ဦး၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၈၁ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

လူသေဆုံးမှုများ ရှိလာသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန် ထားသည့် စည်းကမ်းချက်များကို လိုက်နာလုပ်ဆောင်သင့်ပြီး အစိုးရဌာနဆိုင်ရာများအနေဖြင့်လည်း ထိထိရောက်ရောက် ကြပ်မတ်သင့်ကြောင်း ဦးအောင်နိုင်ဦးက မှတ်ချက်ပြုသည်။

နာရေးကူညီမှု-ထားဝယ် တစ်ခုတည်းက ပြုစုထားသည့် စာရင်းများအရ ကိုဗစ်စတင်ဖြစ်ပွားသည့် ပထမလှိုင်းမှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၅၇၂ လောင်းရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုစာရင်းတွင် နာရေးကူညီမှု-ထားဝယ်က မီးသင်္ဂြိုဟ်ပေးခဲ့ရသည့် စာရင်းသာဖြစ်ပြီး ကျေးရွာများတွင် ကိုဗစ် မှန်းမသိဘဲ သေဆုံးသူများ၊ အခြားပရဟိတအသင်းအဖွဲ့များက မီးသင်္ဂြိုဟ်ပေးခဲ့သူများ၊ အစ္စလာမ်သင်္ချိုင်းတွင် မြှုပ်နှံသည့် ကိုဗစ်အလောင်းစာရင်းများ၊ စစ်တပ်ဆေးရုံတွင် သေဆုံးသည့် ကိုဗစ်သေဆုံးသူ စာရင်းများ မပါဝင်သေးဟု သိရသည်။