မွန် NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ နေအိမ် ချိတ်ပိတ်ခံရ

0
296
ပုံစာ - ချိတ်ပိတ်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ နေအိမ်

မွန်ပြည်နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ နေအိမ် ချိတ်ပိတ်ခံလိုက်ရကြောင်း နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။

မုဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ကျော့ဖြူနှင့် သထုံမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ နေအိမ်တို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ချိတ်ပိတ်လိုက်သည်။

ထို့အတူ ဘီးလင်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏နေအိမ်ကိုလည်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းက လာရောက်ချိတ်ပိတ်သွားကြောင်း ဒေသခံတို့က ပြောသည်။

“(၁၈ ရက်နေ့) ညနေပိုင်းလောက်မှာ နေအိမ်ကို စာလာကပ် ချိတ်ပိတ်သွားတယ်။ ဒေါ်သီရိရတနာတို့က တော့ အဲဒီအိမ်မှာ မရှိတာကြာပြီ” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်စပ်သည်ဆိုသည့်စာကို လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်တွင် ကပ်ကာ ချိတ်ပိတ်သွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတုန်းကလည်း ကျိုက်ထိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်နှင့် ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးတို့၏ နေအိမ် ချိတ်ပိတ်ခံလိုက်ရသေးသည်။

ယင်းအပြင် မွန်ပြည်နယ်အတွင်းက NLD ပါတီ ထောက်ခံသူတို့၏ နေအိမ်နှင့် စားသောက်ဆိုင် အချို့ကို လည်း ယခုရက်ပိုင်းအတွင်း ချိတ်ပိတ်ခံရမှုများရှိနေသည်။

အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ NLD လွှတ်တော်ကိုယ်စားလှယ်အများအပြားမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရပြီး အများစုက တိမ်းရှောင်နေကြရသည်။