ထားဝယ်ထောင်တွင် ထောင် ၇ နှစ်ချခံရသူ မခင်ကေခိုင်ကို ထိရောက်စွာဆေးကုခွင့်ရရန် မိသားစု တောင်းဆို

0
235

ပစ်ခတ်ခံရသည့် ဒဏ်ရာများဖြင့် ဖမ်းဆီးခံရကာ ထားဝယ်အကျဉ်းထောင်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ထောင်ဒဏ် ၇ နှစ်အမိန့်ချခံရသည့် မခင်ကေခိုင်ကို ထိရောက်စွာ ဆေးဝါးကုသခွင့်ပေးရန် ၎င်း၏မိသားစုဝင်များက တောင်းဆိုလိုက်သည်။

အသက် ၃၄ နှစ်အရွယ် မခင်ကေခိုင်သည် ထားဝယ်ခရိုင်၊ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အိမ်အနောက်ဘက် ခြံဝင်းအတွင်း ဝင်လာစဉ် ရွာသားများနှင့် အတူ ထွက်ပြေးရာမှ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

“ဆေးကုသမှု ပြန်လိုချင်တာပေါ့လေ။ သူတို့ထောင်ချရင်လည်း ချတာပေါ့။ ဆေးတွေဘာတွေ ကုသပေး ရင်တော့ ပိုကောင်းတာပေါ့။ အစ်မကိုပဲ စိုးရိမ်နေတယ်” ဟု မခင်ကေခိုင်၏ ညီမဖြစ်သူ ငယ်ငယ်က ပြောသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က နေအိမ်ခြံဝင်း အနောက်ဘက်တွင် ကြက်စာ ကျွေးနေစဉ် စစ်ကောင်စီတပ်က တောလမ်းမှတစ်ဆင့် သူမ၏ နေအိမ်နောက်ဘက်ခြံဝင်းဘက်သို့ ဝင်ရောက်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းသို့ ဝင်ရောက်လာသည်ကိုတွေ့သဖြင့် မခင်ကေခိုင်နှင့် မိသားစုဝင်များ၊ ရွာသူရွာသားများ ထွက်ပြေးရာ သေနတ်ဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်များ ပြန်ထွက်သွားချိန်တွင် မခင်ကေခိုင်ကို မတွေ့သဖြင့် ညီမဖြစ်သူနှင့်အတူ ရွာသူ ရွာသားများက လိုက်လံရှာဖွေရာ မခင်ကေခိုင်မှာ ဝမ်းဗိုက်ကျည်ထိထားသည့်ဒဏ်ရာဖြင့် လဲနေသည်ကို တွေ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကျည်ဆန်မှာ ဝမ်းဗိုက်အရှေ့ဘက်မှ ဖောက်ဝင်ပြီး အစာအိမ်နှင့် သည်းခြေတို့ကို ထိမှန်ခဲ့သည်ဟု ဒေသခံအချို့က ဆိုသည်။

မခင်ကေခိုင်ကို ထိုနေ့ညတွင်းချင်းပင် ထားဝယ်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ခဲ့ပြီး နောက်တစ်နေ့ နံနက် တွင် ခွဲစိတ်ခဲ့ကြောင်း ၎င်း၏ဝေယျာဝစ္စကိစ္စများကို လုပ်ကိုင်ရင်း လူနာကြည့်ရှုစောင့်ရှောက်ပေးခဲ့သည့် ညီမဖြစ်သူ ငယ်ငယ်က ပြောသည်။

မခင်ကေခိုင်ခွဲစိတ်ခန်း မဝင်မီကပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး လာရောက် စောင့်ဆိုင်းနေခဲ့ ကြောင်း၊ ထားဝယ်ဆေးရုံကြီးတွင် ၂၄ ရက်ကြာမြင့်ခဲ့ပြီးနောက် စစ်ဆေးရုံတွင် ရက် ၂၆ ရက်ကြာ ဆေးကုသမှုခံယူ ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထို့နောက် ဒီဇင်ဘာလ ၂၀ ရက်တွင် မခင်ကေခိုင်ကို စစ်ဆေးစရာရှိသေးသည်ဟုဆိုကာ ခေါ်ဆောင်သွားပြန်ကြောင်း ငယ်ငယ်က ပြောဆိုသည်။

“နင့်အစ်မကို မေးစရာရှိသေးတယ်လို့ပြောပြီး ခေါ်သွားတယ်။ သမီးလည်း အစ်မနဲ့တူတူ လိုက်မယ်။ အစ်မကို စိတ်မချဘူးဆိုပြီး တောင်းဆိုလိုက်သေးတယ်။ ပေးမလိုက်ဘူး။ နင့်အစ်မကို မေးပြီးရင် ပြန်လွတ်ပေးမယ်လို့ ပြောတယ်” ဟု ၎င်းက ပြောပြသည်။

ယင်းသို့ ခေါ်ဆောင်သွားချိန်တွင် မခင်ကေခိုင်မှာ ခါးမတ်ပြီး လမ်းလျှောက်နိုင်ခြင်း မရှိသေးဘဲ ကုန်း၍သာ လမ်းအနည်းငယ်လျှောက်နိုင်သေးကြောင်း ဒီဇင်ဘာလ ၂၀ ရက် နောက်ဆုံးတွေ့ခဲ့ရသည့် အခြေအနေကို ၎င်းက ပြန်လည်ပြောပြသည်။

“သူ့မှာ အစာအိမ်လည်း ပေါက်သွားတယ်။ အစာအိမ်က နှစ်ချက်တောင် ဖာရတယ်။ အခုက ဗိုက်ပြန်အောင့် နေတယ်လို့ ပြောတယ်။ သူတို့လည်း ပေးမတွေ့ဘူး” ဟု ငယ်ငယ်က ဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်က လူကြုံဖြင့် စကားအမှာပါးချက်အရ အစ်မဖြစ်သူမှာ လက်ရှိတွင် ထောင်တွင်း ဆေးဝါးကုသမှု ခံယူနေရသော်လည်း ဗိုက်ပြန်အောင့်နေသဖြင့် ဆေးရုံတင် ကုသလိုပြီး ဓာတ်မှန်ရိုက်လိုသည်ဟု ပြောဆိုကြောင်း ညီမဖြစ်သူက ဆိုသည်။

ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းမှ ယနေ့အထိ အစ်မဖြစ်သူကို လူချင်း လုံးဝတွေ့ခွင့်မရသဖြင့် မိသားစုဝင်များမှာ မခင်ကေခိုင်အတွက် များစွာ စိတ်ပူလျှက်ရှိကြောင်း ၎င်းက ပြောသည်။

မခင်ကေခိုင်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထားဝယ်ထောင်တွင်းအထူးတရားရုံးတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖျက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။

ထားဝယ်အကျဉ်းထောင်တွင် ဆေးရုံတက်ရောက်ကာ ထိရောက်သည့် ဆေးဝါးကုသခွင့်ရရန်လိုအပ်နေသူ နိုင်ငံရေးအကျည်းသား မခင်ကေခိုင်၊ မစုလှိုင်နွေးအပြင် အခြားအမျိုးသမီးတစ်ဦးနှင့် ကိုဝေယံဖြိုးတို့ လေးဦးရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရသည်။