ထားဝယ်တွင် နေ့အပူချိန် ၄၀ ဒီဂရီဆဲစီးယပ်ကျော်အထိ ရောက်ပြီး စံချိန်သစ်ထပ်တင်

0
406
ဓာတ်ပုံ - Dawei Watch

တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့တွင် ဧပြီလ ၉ ရက် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီဆဲစီးယပ်အထိ ရောက်ရှိပြီး စံချိန်သစ်တင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ ဧပြီလ ၁၀ရက်တွင် ထုတ်ပြန်သည်။

ယင်းအပူချိန်သည် ၂၀၂ဝ ခုနှစ် ဧပြီလ ၂၂ ရက်တွင် စံချိန်တင်ခဲ့သည့် အပူချိန်စံချိန်အားကျော်လွန်၍ မိုးလေဝသစခန်းတည်ဆောက်ချိန်မှစ၍ ၇၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်လာသည်။

ထားဝယ်မြို့သည် ယခုနှစ်နွေရာသီတွင် ဖေဖော်ဝါရီလက တစ်ကြိမ်၊ မတ်လကတစ်ကြိမ်၊ ဧပြီလတွင်တစ်ကြိမ် စုစုပေါင်းအပူချိန်စံချိန်သစ် သုံးကြိမ်တင်ခဲ့သည်။

အလားတူ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့တွင်လည်း နေ့အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲစီးယပ်ဖြင့် ၁၉၉၂ ခုနှစ်က အမြင့်ဆုံး နေ့အပူချိန်စံချိန်ကို ကျော်လွန်၍ ၄၁ နှစ်အတွင်း စံချိန်သစ်တင်ခဲ့သည်။

“မနေ့ကတော့ နေအတော်ပြင်းတယ်။ ဒီနေ့ကတော့ နေ့လယ်ပိုင်းလောက်ကစပြီး တိမ်မဲနေတယ်။ မိုးရွာဖို့လားတော့ မသိဘူး။ ရာသီဥတုကတော့ ပူသေးတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ကလည်း ဧပြီ၉ရက်မှစ၍ နောက်နှစ်ရက်အတွင်း တနင်္သာရီတိုင်းတွင် မိုးရွာနိုင်ကြောင်း ကြေညာထားသည်။

ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းအထိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းတာချက်အရ ထားဝယ်မြို့၏ နေ့အပူချိန်သည် ၂၃ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်အကြားတွင် ရှိကြောင်း သိရသည်။