ရေဖြူမြို့နယ် ဘဝါရွာသား ခုနှစ်ဦး ဖမ်းဆီးခံရ၊ သုံးဦး ပြန်လွတ်

0
393

ရေဖြူမြို့နယ် နဘုလယ်ဒေသ ဘဝါရွာသား ခုနှစ်ဦး ယနေ့ (ဖေဖာ်ဝါရီ ၁၁) နံနက် လေးနာရီခွဲ ဝန်းကျင် တွင် ဖမ်းဆီးခံရပြီး ညနေပိုင်းတွင် သုံးဦးပြန်လွတ်လာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ် ခုနစ်အိမ်ကို ဝင်ရောက်ဖမ်းဆီးရာ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး တစ်ဦးတို့ ဖမ်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။

“တစ်အိမ်ချင်း လိုက်ဖမ်းတာမျိုး မဟုတ်ဘူး။ ခုနှစ်အိမ်လုံးကို တစ်ပြိုင်နက် ပိတ်ဆို့ပြီးဖမ်းတာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါဖမ်းဆီးခံရသူများမှာ ဘဝါရွာသားများဖြစ်ကြသည့် ဦးဌေးဌေး၊ ဦးစိုးနိုင်၊ ဦးတင်ဦး၊ ဦးဝင်းနိုင်၊ မောင်သားလေး၊ မောင်ညီလေး၊ ဒေါ်ဝင်းနွဲ့တို့ဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့မှာ ဈေးရောင်း၊ ဥယျာဉ်ခြံစိုက်၊ မော်တော်ယာဉ်မောင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ခုနှစ်ဦးအနက် မောင်သားလေး၊ မောင်ညီလေး ညီအစ်ကိုနှစ်ဦးနှင့် ဦးဝင်းနိုင်တို့မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ဦး‌တင်ဦးနှင့် ဒေါ်ဝင်းနွဲ့၊ ဦးဌေးဌေးနှင့် ဦးစိုးနိုင်တို့မှာ ယနေ့ ညနေပိုင်းအထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ဒေသခံ ခုနှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက စစ်ကောင်စီတပ်နှင့် PDF တို့ ဘဝါရွာနှင့် ပရဒတ်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။