ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသော်လည်း လေကြောင်းဖြင့်လာလျှင် ၇၂ နာရီအတွင်း ကိုဗစ်စစ်ထားသည့် လက်မှတ်ပြရမည်

0
210

တနင်္သာရီတိုင်းအတွင်းသို့ လေကြောင်းခရီးဖြင့်လာပါက ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများလည်း ၇၂ နာရီအတွင်း ကိုဗစ်ရောဂါ စစ်ဆေး အောင်မြင်ထားသည့် လက်မှတ် ပြရမည်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်ဝင်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

လေယာဉ်ဆိုက်ရောက် ခရီးသည်တွင် ၇၂ နာရီအတွင်း ကိုဗစ်စစ်ဆေးထားသည့် လက်မှတ် မပါရှိပါက လေယာဉ်ကွင်းတွင်ပင် RDT (နှာခေါင်းတို့ဖတ်ယူ) နည်းဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

ယခင်ကမူ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးကြောင်း လက်မှတ်ရှိက ၇၂ နာရီအတွင်း ကိုဗစ်စစ်ဆေးသည့် လက်မှတ် မလိုအပ်ပေ။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ လေယာဉ်ခရီးစဉ်များ ပြေးဆွဲနေ သည်။

“ရန်ကုန်က ထိုး (နှာခေါင်းထိုးပြီး ကိုဗစ်‌စစ်ဆေး) လာရင် မစစ်ပါဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

လက်ရှိထုတ်ပြန်ချက်မှာ လေကြောင်းဖြင့်လာသူများအတွက်သာ ဖော်ပြထားပြီး ကားဖြင့် လာသူများ အတွက်မူ ဖော်ပြထားခြင်း မရှိပေ။

တိုင်းအတွင်းသို့ ဆိုက်ရောက်လာစဉ် လေယာဉ်ကွင်းတွင် စစ်ဆေးချိန်၌ ကိုဗစ်ရောဂါတွေ့ရှိပါက သတ်မှတ် ထားသည့် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ထိုသို့ ဆောင်ရွက်မှုကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း လုပ်ဆောင်ရန် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ခရိုင်၊ မြို့နယ် အဆင့်များကို ညွှန်ကြားထားသည့် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်မျိုးကွဲအသစ် အိုမီခရွန်ကူးစက်မှုမှာ တဖြည်းဖြည်းမြင့်တက်နေပြီး ကိုဗစ်ပိုးတွေ့လူနာ ပြန်လည်များပြားလာသည်။