တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း လူ ၈ဝနီးပါး ကိုဗစ်ပိုးတွေ့

0
249

တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ရှစ်ဆယ်နီးပါးရှိလာကြောင်း တိုင်းဒေသကြီးကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

တိုင်းကျန်းမာရေး၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီလ ၄ ရက်မှ ၁၀ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း ကိုဗစ်လူနာ ၇၆ ဦးအထိ ရှိနေခြင်းဖြစ်သည်။

ထားဝယ်၊ ကော့သောင်းနှင့် မြိတ်မြို့တွင် ကိုဗစ်လူနာ အများဆုံးတွေ့ရခြင်း ဖြစ်သည်။

လက်ရှိ ပိုးတွေ့လူနာများမှာ ကိုဗစ်မျိုးကွဲများဖြစ်သည့် ဒယ်လ်တာ သို့မဟုတ် အိုမီခရွန် ကူးစက်ခံရခြင်း ဟုတ် မဟုတ် ထုတ်ပြန်ထားခြင်း မရှိပေ။

ထိုသို့ ကိုဗစ်ကူးစက်မှု ပြန်မြင့်လာသော်လည်း မည်သည့်မျိုးကွဲဖြစ်သည်ကို စစ်ဆေးနိုင်ခြင်း မရှိ‌သေးကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။

“ဒယ်လ်တာလား။ အိုမီခရွန်လား။ မျိုးရိုးဗီဇကွဲတွေကတော့ ဒီမှာလည်း မစစ်နိုင်ဘူး‌” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီကမူ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်မှု မရှိသလောက်ပင် ဖြစ်ခဲ့သည်။

ကိုဗစ်ကူးစက်မှု အဆမတန်မြင့်တက်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင်မူ အောက်ဆီဂျင်လိုအပ်ချက် များပြားခဲ့ပြီး ကိုဗစ်ကြောင့် သေဆုံးသူလည်း များပြားခဲ့သည်။