ထားဝယ်လေဆိပ်သို့ ဆိုက်ရောက်လာသည့် ခရီးသည် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

0
345
Photo - ကြက်ခြေနီတပ်ဖွဲ့

ရန်ကုန်မြို့မှ ထားဝယ်လေဆိပ်သို့ ယနေ့ ဆိုက်ရောက်လာသည့် လေယာဉ်စီး ခရီးသည် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဆိုက်ရောက်လာသည့် လေယာဉ်နှစ်စီးမှ အမျိုးသား လေးဦးနှင့် အမျိုးသမီး ခြောက်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ တပ်ဖွဲ့မှူးက ဆိုသည်။

ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးပြီးသည့် လက်မှတ်ရှိသော်လည်း ကိုဗစ် စစ်ဆေးထားသည့် လက်မှတ်မပါသူများ၊ ကိုဗစ် ရှိ မရှိ စစ်ဆေးထားသည့် ဆေးစစ်လက်မှတ်မှာ ၇၂ နာရီကျော်နေသူများကို ထားဝယ် လေဆိပ်တွင် ကိုဗစ်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ပိုးတွေ့သူများကို နေအိမ်ကွာရန်တင်းနှင့် ဟိုတယ်ကွာရန်တင်း နေရာများသို့ ပို့ဆောင်လိုက်ကြောင်း တပ်ဖွဲ့မှူးက ပြောဆိုသည်။

“လူနာရှင်ရဲ့ဆန္ဒအရ အိမ်ကွာရန်တင်းဆို အိမ်ကွာရန်တင်း ဟိုတယ်ကွာရန်တင်းဆို ဟိုတယ်ကွာရန်တင်း။ လူနာရှင်ရဲ့ဆန္ဒအတိုင်းပဲ” ဟု ၎င်းက ဆိုသည်။

အထက်ပါလေယာဉ်နှစ်စီးဖြင့် လိုက်ပါလာသည့် အခြားခရီးသည်များကိုမူ ၎င်းတို့နေအိမ်အသီးသီးတွင် ကွာရန်တင်းပုံစံဖြင့် နေထိုင်ရန် မှာကြားခဲ့ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ပြောသည်။

တနင်္သာရီတိုင်းအတွင်းသို့ လေကြောင်းခရီးဖြင့်လာပါက ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများလည်း ၇၂ နာရီအတွင်း ကိုဗစ်ရောဂါ စစ်ဆေး အောင်မြင်ထားသည့် လက်မှတ် ပြရမည်ကြောင်း ထုတ်ပြန် ထားသည်။ ယင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်ခြင်းဖြစ်သည်။

၇၂ နာရီအတွင်း ကိုဗစ်စစ်ဆေးထားသည့် လက်မှတ် မပါရှိပါက တိုင်းအတွင်းရှိ လေဆိပ်များတွင် လေယာဉ် ဆိုက်ရောက်ချိန်၌ စစ်ဆေးနေကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။