မွန် စာသင်ကျောင်းအချို့တွင် ကိုဗစ် အစုလိုက်အပြုံလိုက် ကူးစက်

0
222

မွန်ပြည်နယ် မြို့နယ်အချို့ရှိ အခြေခံပညာကျောင်းအချို့တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတွင် ကိုဗစ် အစုလိုက် အပြုံလိုက် ကူစက်ခံထားရကြောင်း မြို့နယ်ကျန်းမာရေးဌာနနှင့် ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ချောင်းဆုံမြို့နယ် ကမာမိုးကျေးရွာ အထက (ခွဲ) တွင် ဆရာ၊ ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ဦးကျော်တို့တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကိုဗစ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

“ပိုးတွေ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို စစ်ဆေးတဲ့အခါမှာလည်း positive ထပ်တွေ့ထားတာ ရှိတယ်။ အခု ပိုးတွေ့လူနာတွေ အားလုံးကို သီးခြားထားပြီးတော့ ဆေးကုသ ပေးနေတယ်” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမာမိုးကျေးရွာတွင် ကိုဗစ်ပိုးတွေ့လူနာများကို ကမာမိုးကျေးရွာရှိ မူကြိုကျောင်းတွင် သီးခြားထားရှိပြီး ဆေးကုသမှုပေးနေသည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ထိုအတူ သံဖြူဇရပ် အထက (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၇ ဦးတို့တွင်လည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိကြောင်း အဆိုပါမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယင်းအပြင် ကျိုက်ခမီ၊ မုဒုံ၊ မော်လမြိုင်၊ ကျိုက်မရော စသည့်မြို့နယ်တို့မှ စာသင်ကျောင်း အချို့တို့ တွင်လည်း ကိုဗစ်ကူးစက်ခံရမှု အစုလိုက်အပြုံလိုက် တွေ့ရှိနေကြောင်း အဆိုပါမြို့နယ်များရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“အခု ပိုးတွေ့လူနာတွေ ပြန်တွေ့လာနေတယ်။ အထူးသတိထားဖို့လိုတယ်။ အထူးသဖြင့် ရောဂါအခံရှိတဲ့ သူတွေ သတိထားသင့်တယ်” ဟု မြို့နယ်ဆရာဝန်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းခန့်ကစပြီး ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာပြီး ဖေဖော်ဝါရီလအတွင်းမှာ ကိုဗစ်ကူးစက်ခံရသည့်လူနာ အစုလိုက်အပြုံလိုက် တွေ့ရှိလာကြောင်း ကိုဗစ်အရေး ကူညီပေးနေသည့် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။