စက်သုံးဆီဈေးတက်သဖြင့် ကယ်ရီသမားများ တွက်ခြေမကိုက်

0
296

စက်သုံးဆီ ဈေးတက်ခြင်းကြောင့် သုံးဘီးနှင့် ဆိုင်ကယ်ကယ်ရီဆွဲရာတွင် တွက်ခြေမကိုက်တော့သည့် အပြင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေသည့်အတွက်လည်း အကျပ်အတည်းဆိုက်ကြောင်း ထားဝယ် ဒေသရှိ ကယ်ရီသမားများက ပြောဆိုကြသည်။

အာဏာမသိမ်းမီက 92 ဓာတ်ဆီ တစ်လီတာလျှင် ၉၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ၁၇၀၀ ကျပ်ဝန်းကျင်အထိ ဈေးတက်နေသည်။

ထိုသို့ စက်သုံးဆီ ဈေးတက်သော်လည်း ခရီးသည်ပို့ဆောင်ခမှာ ယခင်နှုန်းထားအတိုင်းသာ ပြေးဆွဲနေ ရသည့်အတွက် ဝင်ငွေနည်းပါးလာကြောင်း ထားဝယ်မြို့ပေါ်ရှိ သုံးဘီးကားမောင်းသူတစ်ဦးက ဆိုသည်။

သုံးဘီးကား ခရီးသည်ပို့ဆောင်ခမှာ ပျှမ်းမျှအားဖြင့် ခရီး တစ်မိုင်အကွာအဝေးအား ငွေကျပ် တစ်ထောင် ကျသင့်ကြောင်း ကယ်ရီသမားများက ပြောသည်။

ယင်းကဲ့သို့ အခင်းအကျင်းတွင် သုံးဘီး ပြုပြင်ထိန်းသိမ်းခြင်းအတွက် စက်အပိုပစ္စည်းဈေးတက်ခြင်းနှင့် အထွေထွေကုန်ဈေးနှုန်းတက်ခြင်းကြောင့် ပိုပြီးတွက်ခြေကိုက်မှုနည်းလာသည်ဟု ၎င်းတို့က ဆိုသည်။

“ခရီးသည်တွေမှာ ပိုတောင်းရမှာကလည်း ခက်ခဲတယ်။ လက်ရှိသူတို့ (ခရီးသည်) တွေကလည်း ဝင်ငွေ ကောင်းတယ်လည်း မဟုတ်တာကိုး” ဟု အထက်ပါ သုံးဘီးယာဉ်မောင်းက ပြောသည်။

ယာဉ်စီးခ တိုးတောင်းလျှင်လည်း ခရီးသည် ရနိုင်ခြေနည်းသွားနိုင်သဖြင့် ဈေးပိုမတောင်းနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း သုံးဘီးမောင်းသူများက ပြောဆိုသည်။

ထို့အပြင် လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ခရီးသည်နည်းပါး‌နေသည့်အပြင် အလုပ်အကိုင် ရှားပါးခြင်းကြောင့် သုံးဘီးနှင့် ဆိုင်ကယ်ကယ်ရီမောင်းသူလည်း ပိုများလာကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ဆီဈေးတက်သည့်ဒဏ်ကို သုံးဘီးသမားများအပြင် ဆိုင်ကယ်ကယ်ရီသမားများလည်း အလူးအလဲခံနေရသည်ဟု ဆိုသည်။

လက်ရှိတွင် ခရီးသည်နည်းပါးနေသည့်အတွက် တစ်ရက်လျှင် ပျမ်းမျှ ၅၀၀၀ ကျပ်ဝန်းကျင်သာရပြီး ဆီဖိုးနုတ်လိုက်ပါက မိသားစုစားဝတ်နေရေးအတွက် မလောက်ငတော့ကြောင်း ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ပြောသည်။

“အခြားအလုပ်ကလည်း မရှိတော့ ကယ်ရီပဲ လုပ်‌နေရတာ။ ထမင်းတောင် ငတ်လာနိုင်တယ်” ဟု အဆိုပါဆိုင်ကယ်ရီသမားက ဆိုသည်။

ဆိုင်ကယ်ကယ်ရီဖြင့် ခရီးဝေးတစ်မိုင်လျှင် ပျမ်းမျှ ငွေကျပ် ၅၀၀ နှုန်း ကျသင့်သည်။

လက်ရှိတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေနည်းပါးနေပြီး အထွေထွေကုန်ဈေးနှုန်း ကြီးမြင့် နေသည့်အတွက် မွေးရပ်မြေတွင် ရေရှည်ရပ်တည်ရန် ခက်ခဲလာကြောင်း အထက်ပါ သုံးဘီးကားမောင်းသူက ဆိုသည်။

“ရေရှည်မှာဆိုရင် ရှမ်းပြည် (ထိုင်း) ကို ရောက်သွားနိုင်တာပေါ့။ နိုင်ငံခြားကို ကျွန်အဖြစ်နဲ့ အလုပ်လုပ်ဖို့ သွားတာတွေ ဖြစ် (များ) လာမယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသ၏ သယ်ယူပို့ဆောင်ရေးတွင် အိန္ဒိယနိုင်ငံထုတ် သုံးဘီးကား၊ တရုတ်နိုင်ငံထုတ် သုံးဘီး ဆိုင်ကယ်နှင့် ဆိုင်ကယ်ကယ်ရီများကိုသာ အဓိကထား သုံးစွဲနေသည်။