ထိုင်းတွင် လေးရက်အတွင်း မြန်မာလုပ်သား တစ်ထောင်‌ကျော် အဖမ်းခံရ

0
328

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်နှင့် ကန်ချနပူရီ ခရိုင်တို့တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ဖမ်းမိကြောင်း ထိုင်းတပ်မတော်၊ ပြည်သူ့ ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၄၁ ဦး စုစုပေါင်း ၁၁၇ ဦး၊ ၃ ရက်နေ့တွင် အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၄၆ ဦး၊ ၄ ရက်နေ့တွင် အမျိုးသား ၁၉၆ ဦး၊ အမျိုးသမီး ၁၄၈ ဦး စုစုပေါင်း ၃၄၄ ဦးနှင့် ၅ ရက်နေ့တွင် အမျိုးသား ၂၄၉ ဦး၊ အမျိုးသမီး ၁၇၈ ဦး စုစုပေါင်း ၄‌၂၇ ဦးတို့ကို ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းခရိုင်တွင် လေးရက်အတွင်း ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၉၃၄ ဦး ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပရာကျွတ်ခီရီခန်ခရိုင်အနီးရှိ ကန်ချနပူရီခရိုင်တွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၅၉ ဦးအား ဖမ်းမိခဲ့ကြောင်း ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ခရိုင်နှစ်ခုတွင် စုစုပေါင်း ၁၀၉၃ ဦးဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူတို့သည် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မော်လမြိုင်၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း နေသူများဖြစ်ကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၎င်းတို့သည် ပွဲစားများကို ပွဲခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ အနည်းဆုံး ထိုင်းဘတ် ၁၈၀၀၀ မှ အများဆုံး ဘတ် ၂၅၀၀၀ အထိ ပေး‌ဆောင်ခဲ့ရကြောင်းလည်း ရေးသားဖော်ပြသည်။

ပရာကျွတ်ခီရီခန်ခရိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရသေးသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ ဆက်တိုက် ဖမ်းဆီးခံရသော်လည်း တရားမဝင် သွားရောက်မှုများ ရှိနေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။