စက်သုံးဆီဈေးတက်ပြီး စားစရိတ်ကြီးသဖြင့် ကမ်းနီးလှေငယ်များ အရှုံးပေါ်ကာ ရပ်လုနီးဖြစ်

0
356

စက်သုံးဆီ ဈေးတက်ပြီး စားစရိတ်လည်း ကြီးမြင့်လာမှုကြောင့် ကမ်းနီးလှေငယ်များ အရှုံးပေါ်နေပြီး ရပ်ဆိုင်းလုနီးဖြစ်နေကြောင်း လှေလုပ်ငန်းရှင်များထံမှ သိရသည်။

အာဏာမသိမ်းမီက စက်သုံးဆီ တစ်ပေပါ ကျပ် တစ်သိန်းသုံးသောင်းရှိနေရာမှ လက်ရှိတွင် ကျပ်သုံးသိန်းသုံးသောင်းငါးထောင်အထိ ဈေးပေးဝယ်သုံးနေရကြောင်း ၎င်းတို့က ဆိုသည်။

ယင်းအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည်လည်း ယခင်နှစ်ကထက် ထက်ဝက်နီးပါး ဈေးမြင့် တက်လာသဖြင့် လှေလုပ်သားများ၏ စားစရိတ် ပိုမိုကုန်ကျလာကြောင်း လှေလုပ်ငန်းရှင်များက ပြောဆိုသည်။

ကမ်းနီးလှေငယ်တစ်စီးလျှင် လှေလုပ်သား ငါးဦးမှ ၁၅ ဦးအထိ လိုက်ပါကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းကြောင့် ငါးဖမ်းလှေများအနေဖြင့် စရိတ်မကာမိဘဲ အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း မြိတ်မြို့နေ ငါးဖမ်းလှေလုပ်ငန်းရှင်များက ပြောသည်။

“လှေတစ်ခေါက်ဝင်လာရင် စရိတ်တောင် မကာမိဘူးဆိုတော့ တချို့ဆို မရယ်နိုင်၊ မပြုံးနိုင်ဖြစ်ကုန်ကြပြီ။ နားတဲ့ လှေတွေလည်း နားကုန်ကြပြီ” ဟု ကမ်းနီးလှေလုပ်ငန်းရှင် ဦးလှိုင်ဖူးက ပြောသည်။

ပြီးခဲ့သည့်နှစ်က ကမ်းနီးလှေ သုံးစီးပိုင်ဆိုင်ပြီး အရှုံးပေါ်သဖြင့် လက်ရှိအချိန်တွင် နှစ်စီးရောင်းချလိုက်ရပြီ ဖြစ်ကြောင်း လုပ်ငန်းရှင် ကိုထွန်းကလည်း ဆိုသည်။

“ရနိုးနိုးနဲ့ အရှုံးခံပြီး လုပ်နေတာ။ ရေရှည်မှာ မလုပ်နိုင်ဘူး။ ချေးငှါးပြီး လုပ်တဲ့လူဆို ပိုဆိုးတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံမှ ဆီတင်သွင်းရန် အခက်အခဲဖြစ်နေပြီး ဈေးနှုန်းများလည်း ထပ်မံ မြင့်တက်လာနိုင်ကြောင်း မြိတ်မြို့မှ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“လှေတွေအားလုံးက နားရမယ့်အခြေအနေဖြစ်နေတယ်။ ကင်းမွန်လှေတွေလည်း မကိုက်ကြဘူး။ အားလုံးက အလုပ်လက်မဲ့ဖြစ်နေလာမယ့် ပုံစံဖြစ်လာနေတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

စက်သုံးဆီဈေးနှင့် အခြေခံစားသောက်ကုန်များ ဈေးတက်လာသော်လည်း ရေထွက်ပစ္စည်းဈေးနှုန်းများမှာ သိသာစွာ ဈေးရလာခြင်း မရှိကြောင်း ငါးဖမ်းလှေလုပ်ငန်းရှင်များက ပြောပြသည်။

အာဏာမသိမ်းမီက စက်သုံးဆီ (ဒီဇယ်) တစ်ပေပါလျှင် တစ်သိန်းသုံးသောင်းဝန်းကျင် ပုံမှန်ရှိခဲ့ရာမှ ခြောက်လအတွင်း တစ်ပီပါကို ကျပ်နှစ်သိန်းကျော်မြင့်တက်ခဲ့ပြီး လက်ရှိအချိန်တွင် ကျပ်သုံးသိန်းသုံးသောင်းငါးထောင် ပေါက်ဈေးရှိနေကြောင်း စက်သုံးဆီဝယ်ယူရောင်းချသူများထံမှ သိရသည်။