ငါးမဖမ်းရ ရာသီ ယခင်အတိုင်း ပြန်သတ်မှတ်ပေးရန်တင်ပြ

0
256
ကမ်းဝေး ဝိုင်းကြီးချုပ် ငါးဖမ်းလှေတစ်စီးအား တွေ့ရစဉ်။

ငါးမဖမ်းရ ရာသီကို လှေရှင်များ၏ တောင်းဆိုချက်အရ ယခင်အတိုင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်တို့ကို ပြန်လည် သတ်မှတ်ပေးရန် တင်ပြထားကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနက တိုင်းအတွင်းရှိ ရေလုပ်သားများ၏ အခက်အခဲကို တင်ပြရန် တောင်းဆိုလာသဖြင့် ရေလုပ်ငန်းရှင်များအား အဖွဲ့ချုပ်က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် လှေရှင်များကို ခေါ်ယူဆွေးနွေးခဲ့ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။

ယင်းသို့ ဆွေးနွေးရာ ရေလုပ်သားများ၏ ဆန္ဒအတိုင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်အား ငါးမဖမ်းရ ရာသီအဖြစ် ပြန်လည်သတ်မှတ်ရန် လှေရှင်များက တောင်းဆိုသည့်အတွက် တင်ပြခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။

ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ငါးမဖမ်းရ ရာသီအဖြစ် နှစ်စဉ်ပုံမှန်သတ်မှတ် ထားသည်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလကစပြီး ငါးမဖမ်းရ ရာသီကို မေ၊ ဇွန်၊ ဇူလိုင်ဟု တစ်လစီ ရှေ့တိုးကာ ပြောင်းလဲသတ်မှတ်ခဲ့သည်။

နော်ဝေသုတေသနသင်္ဘော၏ တွေ့ရှိချက်အရ မြန်မာ့ပင်လယ်ပြင်တွင် ငါးများလျော့နည်းလာသဖြင့် ငါးသားပေါက်ရာသီအပြင် ငါးဥ ဥသည့် ရာသီကိုပါ ထိန်းသိမ်းရန်လိုလာသည့်အတွက်ဟုဆိုကာ ငါးမဖမ်းရ ရာသီအဖြစ် စစ်ကောင်စီက ပြောင်းလည်းသတ်မှတ်ခဲ့သည်။

ထို့ကြောင့် မြန်မာ့ပင်လယ်အတွင်း ငါးမဖမ်းရ ရာသီ ပုံမှန် ဇွန်၊ ဇူလိုင်၊ ဩဂုတ် ရပ်နားနေရာမှ ၂၀၂၁ ခုနှစ် မှ စပြီး မေ၊ ဇွန်၊ ဇူလိုင် တွင် ရပ်နားခဲ့ရသည်။ တစ်နှစ်လျှင် တစ်လစီရှေ့တိုး သတ်မှတ်မည်ဆိုသဖြင့် ယခုနှစ် ၂၀၂၂ တွင် ငါးမဖမ်းရ ရာသီမှာ ဧပြီတွင် စတင်မည်ဖြစ်သည်။

ယခုနှစ် ငါးမဖမ်းရရာသီမှာ ဧပြီ၊ မေ၊ ဇွန်လသို့ကျရောက်နေသည့်အတွက် လာမည့် မတ်လကုန်မှစကာ တိုင်းအတွင်း ပင်လယ်ပြင်ရောက်နေသည့် သောင်းချီသည့် ကမ်းဝေးရေလုပ်သားအားလုံး နေရပ် အသီးသီး သို့ ပြန်ကြရတော့မည်ဖြစ်သည်။

“ဒီနှစ်က ဧပြီ၊ မေ၊ ဇွန်မှာ ပိတ်ရမယ်ဆိုတော့ ဒီလတွေမှာ (ရွာပြန်သွားတဲ့) ရေလုပ်သားတွေမှာ အလုပ် အကိုင် မရှိကြဘူး။ အဲဒီအခြေအနေအရ ရေလုပ်သားတွေ စိတ်လည်ပြီး တခြားလုပ်ငန်းတွေ ရောက်သွား မှာကို စိုးရိမ်တယ်ဆိုပြီး လုပ်ငန်းရှင်တွေက တင်ပြကြတယ်။ အဲဒီအပေါ်အဖွဲ့ချုပ်အနေနဲ့ တိုင်းငါးလုပ်ငန်း ဦးဌာနကို ပြန်တင်ပြခဲ့ပါတယ်” ဟု တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်ရှိပြီး ကမ်းဝေးလှေ တစ်စီးလျှင် ရေလုပ်သား ၂၀ မှ ၄၀ ကျော်အထိ ရှိကြသည်။

ငါးဖမ်းလှေလုပ်သားမှာ မြိတ်ဘက်ကနည်းပြီး အများစုသည် ထားဝယ်ဒေသဘက်ဖြစ်ကြောင်း တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

“အရင်အတိုင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်ကို ပြန်သတ်မှတ်ပေးလိုက်ရင် သူတို့ရွာပြန်ပြီး လယ်တွေ လုပ်လို့ ရသွားသလို စိတ်လည်တာတွေမျိုးလည်း မရှိတော့ဘူးပေါ့” ဟု တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။

ယင်းအပြင် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများသည် ပင်လယ်ပြင်တွင် လှိုင်းလေထန်ကာ ရာသီဥတု ဆိုးဝါးသည့်အတွက် ရေလုပ်သားများ အသက်အန္တရယ်များကြောင်းလည်း ၎င်းက ဆိုသည်။

“အဲဒီလို ပြန်သတ်မှတ်ရင် လှေရှင်တွေကတော့ ကြိုက်တာပေါ့။ ဒါပေမယ့် တစ်နှစ်ပတ်လုံး ပင်လယ်ပြင်မှာ နေလာပြီးတဲ့ ရေလုပ်သားတွေလည်း ဒီအချိန်လေးတော့ အိမ်ပြန်ချင်ကြမှာပေါ့။ အိမ်လွမ်းကြမှာပေါ့” ဟု မြိတ်မြို့နေ ရေလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။

မြိတ်မြို့ဒေသခံအမျိုးသားတစ်ဦးကလည်း လှေရှင်များ၏ တောင်းဆိုချက်အတိုင်းသာ ခွင့်ပြုမည်ဆိုလျှင် လှေလုပ်သားများသည် ပင်လယ်ထဲတွင် သုံးလသာ နေရတော့မည့်အခြေအနေမှ ငါးလအထိ နှစ်လ ထပ်တိုး နေထိုင်ရမည့် အခြေအနေဖြစ်နေကြောင်း ပြောသည်။

လှေလုပ်သားများသည် နိုင်ငံရေးထဲတွင် ပါဝင် မသွားနိုင်စေရန် အချိန်ဆွဲထားခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ၎င်းက ထင်မြင်သည်။

တနင်္သာရီတိုင်းဒေသကြီး၌ တရားဝင် လိုင်စင်ရှိသည့် ကမ်းဝေးငါးဖမ်းလှေ အစီးရေ ၁၅၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံ၌ အများဆုံးဖြစ်သည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ ကမ်းဝေး ငါးဖမ်းလှေ ၁၇၀၀ ကျော်ခန့်ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာန စာရင်းအရ သိရသည်။