သရက်ချောင်းတွင် တိုက်ပွဲဖြစ်၊ ပန်းရန်လုပ်နေသည့် ကလေးသုံးဦး ပစ်သတ်ခံရ

0
592

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး ပန်းရန်လုပ်နေသည့် ကလေးသုံးဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

စော်ဖျားရွာဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းကာ ယနေ့ နံနက် ၉ နာရီခန့်က လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကူဆင်းလာသည့် စစ်ကောင်စီတပ်ကားမှာ ကင်းရှေ့ရွာနှင့် ဆေးဖြတ်ကုန်းရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ စော်ဖျားနှင့် ကင်းရှေ့တို့မှာ ရွာနီးစပ်များဖြစ်သည်။

ယင်းနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နံနက် ၁၀ နာရီခန့်တွင် ကင်းရှေ့ရွာသို့ လက်နက်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်ခတ်မှုကြောင့် ရွာသူ၊ ရွာသားများ အပါအဝင် ပန်းရန်လုပ်နေသည့် ကလေးငယ်များပါ ထွက်ပြေးကြ ကြောင်း ၎င်းတို့က ဆိုသည်။

ထိုသို့ ထွက်ပြေးစဉ် ပစ်ခတ်ခံရသဖြင့် ကျည်ထိမှန်သူများရှိပြီး လတ်တလော အလောင်းရရှိသည့် အခြေအနေအရ ပန်းရန်လုပ်နေသည့် ကလေးသုံးဦး သေဆုံးကာ ကျန်လူများကို လိုက်လံရှာဖွေနေဆဲ ဖြစ်ကြောင်း ကင်းရှေ့ရွာသား တစ်ဦးက ပြောသည်။

“ရွာထဲမှာ သေနတ်ပစ်တယ်ဆိုတော့ ပန်းရန် လုပ်နေသူတွေက ကြောက်ပြီးတော့ ပြေးကြတာပေါ့။ ပြေးတာကို သူတို့က ပစ်တယ်” ဟု ဒေသခံရွာသားက ပြောသည်။

သေဆုံးသူ သုံးဦးမှာ ကင်းရှေ့ရွာကဖြစ်ပြီး ၁၄ နှစ်အရွယ် ယောကျာၤးလေးတစ်ဦးနှင့် ၁၇ နှစ်အရွယ် ယောင်္ကျာလေး နှစ်ဦးတို့ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် လတ်တလောအတည်ပြုချက်အရ ကင်းရှေ့ရွာတွင် လူ လေးဦးထက်မနည်းလည်း အဖမ်းခံထား ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သရက်ချောင်းမြို့နယ် စော်ဖျားမှ တစ်ဆင့် တောင်ပျောက်တိုက်နယ်တစ်ခွင်ကို လမ်းကြောင်းပိတ်ဆို့ထား သဖြင့် ဒေသခံရွာသားများ စားဝတ်နေရေးအတွက် ရိက္ခာအခက်အခဲဖြစ်နေသည်မှာ လအတန်ကြာ လာပြီဖြစ်သည်။