ထားဝယ်တက္ကသိုလ် ကျောင်းဖွင့်ပထမရက် ကျောင်းတက်သူမရှိ

0
947

ထားဝယ်တက္ကသိုလ်၌ ပထမဆုံး ကျောင်းဖွင့်ရက်တွင် ကျောင်းတက်သူမရှိကြောင်း တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအချို့ထံမှ သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့မှစပြီး တက္ကသိုလ်အားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်ကြောင်း ကြေညာခဲ့သော်လည်း အထူးပြုဘာသာရပ်အချို့ကိုသာ သင်ကြားနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ထားဝယ်တက္ကသိုလ်တွင် ၂၀၁၈-၁၉ ပညာသင်နှစ် (ဒုတိယနှစ်ဝက်ပညာသင်နှစ်) အတွက် ဥပဒေပညာ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူ ၃၀ ကျော်ခန့် ကျောင်းတက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၎င်းဥပဒေပညာကျောင်းသား၊ ကျောင်းသူများမှာ အာဏာမသိမ်းမီ ကိုဗစ်ကပ်ရောဂါကြောင့် တက္ကသိုလ်များ စပိတ်ချိန်ကတည်းက ကျောင်းအပ်ထားကြသူများဖြစ်ကြောင်း ဥပဒေကျောင်းသူတစ်ဦးက ရှင်းပြသည်။

“သိရသလောက် (ကျောင်းဖွင့်ပထမနေ့) ဘယ်သူ့မှ ကျောင်းသွား မတက်ကြဘူး။ နောက်ပိုင်းဆိုရင်တော့ မပြောတတ်ဘူး” ဟု ၎င်းက ဆိုသည်။

တက္ကသိုလ်စဖွင့်နေ့ ကျောင်းတက်ရောက်မူအခြေအနေအား အတည်ပြု မေးမြန်းနိုင်ရန် ထားဝယ်တက္ကသိုလ်တာဝန်ရှိသူတို့ထံ ဒီဇင်ဘာလ ၇ ရက်က ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ထားဝယ်တက္ကသိုလ်ကျောင်းဝင်းထဲတွင်လည်း ကျောင်းဖွင့်သည့်နေ့က ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင် အချို့ ရှိနေကြောင်း တွေ့ရှိရသည်။