ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရ

0
430

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်ကို လက်နက်ကိုင်လူတစ်စုတို့က ယနေ့ နံနက်ပိုင်းတွင် ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ကျိုက္ကော်ရပ်မြို့မဈေးရှိ ကမ္ဘာ့ရတနာဘဏ်ကိုလက်နက်ကိုင် သုံးဦး မော်တော်ယာဉ်ဖြင့် လာရောက်ကား ဓါးပြတိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဓါးပြတိုက်တဲ့လူတွေက လွတ်သွားတယ်လို့ သိရတယ်။ ဘဏ်က ပိုက်ဆံတွေ ပါသွားတယ်လို့ သိရပေမယ့် ပမာဏတော့ အသေချာမသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရမှုတွင် ကျပ်သိန်း ၈၀၀ ကျော် ပါသွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်းသီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ဘဏ်ဓါးပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်းလည်း ၎င်းတို့ထံမှ သိရသည်။

ဒီဇင်ဘာလကလည်း သုဝဏ္ဏဝတီမြို့အထွက် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ် ငွေသိမ်းကား ဓါးပြတိုက်ခံရပြီး ငွေကျပ်သိန်း ၈၀၀ ကျော် ပါသွားခဲ့သေးသည်။