စင်ကာပူကုမ္ပဏီ ဒီဇိုင်းထုတ်သည့် ထားဝယ်အဝေးပြေးဝင်းအသစ် လာမည့်နှစ် အပြီးဆောက်မည်

0
326
လက်ရှိထားဝယ် အဝေးပြေးကားဝင်းအားတွေ့ရစဉ်

ထားဝယ်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းအသစ်အား ၂၀၂၃ ခုနှစ် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း တည်ဆောက်လုပ်ကိုင်ခွင့်ရထားသည့် ခန့်ရွှေပြည်ကုမ္ပဏီထံမှ သိရသည်။

မြို့အဝင်ဆိုင်းဘုတ် Welcome to Dawei အနီး သဗြေချောင်းရွာရှိ မြေအကျယ်အဝန်း ၅၆ ဧကပေါ်တွင် phase (အဆင့်) နှစ်ခုခွဲကာ တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါကုမ္ပဏီ၏ စီမံကိန်းအချက်အလက် အရ သိရသည်။

ယင်းလယ်ကွက်အား ၂၀၁၆ ခုနှစ်ကတည်းက ဝယ်ယူပြီး အခြားနည်းအသုံးပြုခွင့် လျှောက်ထားခဲ့ကြောင်း ခန့်ရွှေပြည်ကုမ္ပဏီ ဥက္ကဋ္ဌက ပြောသည်။

အဆိုပါမြေ ၅၆ ဧကအနက် ဧက ၂၀ ပေါ်တွင် အဝေးပြေးယာဉ် ရပ်နားစခန်းတည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် မြေပြင်ရှင်းလင်းနေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ မြေဧက ၂၀ ပေါ်တွင် ခရီးသည်ကားဝင်း၊ ထွက်ခွာဆောင်၊ ကုန်ကားဝင်း၊ ကုန်စိမ်းလက်ကားဈေး၊ ဆီဆိုင်တစ်ဆိုင် ပါဝင်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောဆိုသည်။

ယင်းယာဉ်ရပ်နားစခန်းအား စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက ဒီဇိုင်းရေးဆွဲထားပြီး ငွေကျပ် ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိ အဝေးပြေးကားဝင်းမှာ ကျဉ်းမြောင်းသည့်အတွက် ကျပ်ကျပ်တည်းတည်း ဖြစ်နေသည့် အနေအထားတွင် အဆင့်မီကားဝင်းတစ်ခု အမှန်တကယ်လိုအပ်နေကြောင်း ထားဝယ်မြို့နေ အမျိုးသားတစ်ဦးက ဆိုသည်။

သို့ရာတွင် ကားဝင်းဝင်ကြေးနှင့် ကားဂိတ်အခန်းနှုန်းထားကိုမူ အများပြည်သူ ဝန်မပိစေနိုင်သည့် နှုန်းထားမျိုး ဖြစ်စေရန် ထိန်းကျောင်းသင့်ကြောင်း ၎င်းက ပြောသည်။

“ယာဉ်အဝင်အထွက် နှုန်းထားတွေကိုလည်း ယာဉ်မောင်းတွေ၊ ခရီးသည်တွေအတွက် အနှောင့်အယှက် မဖြစ်တဲ့နှုန်းထားပဲ သတ်မှတ်သင့်တယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။

လုပ်ကိုင်ခွင့်ရ ခန့်ရွှေပြည်ကုမ္ပဏီကမူ ကားဂိတ်အခန်းခ နှုန်းထားနှင့် ကားဝင်ကြေးကို အများပြည်သူ လက်ခံနိုင်သည့် နှုန်းထားကိုသာ သတ်မှတ်မည်ဖြစ်ပြီး လက်ရှိမြိတ်မြို့ကားဝင်းတွင် သတ်မှတ်ထားသည့် နှုန်းထားထက် ပိုမည်မဟုတ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌက ပြောသည်။

“အများလက်ခံနိုင်တဲ့ ဈေးနှုန်းဖြစ်အောင်၊ စီးပွားရေးတွက်ခြေကိုက်မှုလည်း အထိုက်အလျောက်ရှိအောင်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကိုက်ညီတဲ့ ကုန်ကျစရိတ်တွေလည်း ရှိထားတာပေါ့နော်။ အဲဒီအပေါ်မှာလည်း မနစ်နာအောင် အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်” ဟု ၎င်းက ဆိုသည်။

ကားဂိတ်အခန်းများကို နှစ်ထပ် တည်ဆောက်မည်ဖြစ်ပြီး အရစ်ကျစနစ်၊ ကြိုပွိုင့်စနစ်နှင့် အငှားစနစ်ဖြင့် လုပ်ဆောင်ရန် လျာထားကြောင်း ကုမ္ပဏီဥက္ကဋ္ဌက ပြောဆိုသည်။

စီမံကိန်းအကောင်အထည်ဖော်မည့် အဆိုပါလယ်ကွက် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်ကို ယခင်အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်ကုန်တွင် စီးပွားရေးကော်မတီနှင့် ဗဟိုအစိုးရအဖွဲ့အစည်းအဝေးက အတည်ပြုထားကြောင်း ၎င်းက ဆိုသည်။

ယင်းနောက် နိုင်ငံရေးအပြောင်းအလဲများကြောင့် ၂၀၂၁ ခုနှစ်မေလတွင်မှသာ လယ်ယာမြေအခြားနည်း အသုံးပြုခွင့် (ပုံစံ၁၅) လက်မှတ်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

အဝေးပြေးကားဝင်းဆောက်ပြီး ကျန်သည့်ဧက ၃၀ ကျော်တွင်မူ ဒေသအတွက် လိုအပ်သည့် စီမံကိန်းများကို ဆက်လက်လုပ်ဆောင်ရန်လျာထားကြောင်း ကုမ္ပဏီဥက္ကဋ္ဌက ဆိုသည်။