တနင်္သာရီ သရဘွင်ကျေးရွာရှိ မိုင်တဲတာဝါတိုင် ဗုံးခွဲခံရ

0
163

တနင်္သာရီမြို့နယ် သရဘွင်ကျေးရွာရှိ မိုင်တဲတာဝါတိုင် ဇန်နဝါရီလ ၂ ရက်ညတွင် ဗုံးခွဲခံရကြောင်း ယင်းကျေးရွာနေ ဒေသခံပြည်သူများထံမှ သိရသည်။

တနင်္သာရီမြို့နှင့် ၁၀ မိုင်ခန့်ဝေးကွာသည့် အဆိုပါကျေးရွာရှိ မိုင်တဲဆက်သွယ်ရေးတာဝါတိုင်အား ဇန်နဝါရီ ၂ ရက်ည ၇ နာရီခွဲခန့်က အမည်မသိ အဖွဲ့တစ်ဖွဲ့က လာရောက်ဗုံးခွဲသွားကြောင်း ဒေသခံရွာသားများက ပြောသည်။

“ဆိုင်ကယ်တွေနဲ့ လာပြီးခွဲသွားတာ။ ဘယ်သူတွေမှန်းတော့ မသိရဘူး” သရဘွင်ရွာနေ အမျိုးသားတစ်ဦး က ပြောသည်။

ဗုံးခွဲခံရမှုကြောင့် တာဝါတိုင် အောက်ခြေရှိ စက်ယန္တယားများ မီးလောင် ပျက်စီးသွားခဲ့ပြီး အင်တာနက်လိုင်းများလည်း ပြတ်တောက်သွားကြောင်း ရွာသားများက ပြောပြသည်။

ဗုံးခွဲခံရပြီးနောက် တာဝါတိုင်အား စစ်ကောင်စီတပ်ဖွဲ့များ လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ဇန်နဝါရီ ၃ ရက်နံနက်အထိ စစ်ကောင်စီတပ်ဖွဲ့က ရွာသားများအား စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း မလုပ်ကြသေးဟု ရွာသားများက ပြောသည်။

သရဘွင်ရွာအနီးရှိ တကူကျေးရွာတွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်က စစ်တပ်ပိုင် ရော်ဘာမိုင်းခံစက်ရုံတစ်ရုံ မီးရှို့ခံခဲ့ရသလို ဒီဇင်ဘာလ ၂၄ ရက်ညကလည်း တကူကျေးရွာအုပ်စု၊ ဝမ်းနာကျေးရွာရှိ မိုင်တဲတာဝါတိုင် မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော် ဝမ်းနာမိုင်တဲတာဝါတိုင်နှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပါ။