တနင်္သာရီတိုင်း NLD ထိပ်ပိုင်းခေါင်းဆောင် ဦးအေးနိုင် တိမ်းရှောင်နေစဉ် ကွယ်လွန်

0
321

တနင်္သာရီတိုင်း NLD ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးနိုင် တိမ်းရှောင်နေရစဉ် တောထဲတွင် ကွယ်လွန်သွားကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးအေးနိုင်သည် တောထဲတစ်နေရာတွင် တိမ်းရှောင်နေစဉ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ရုတ်တရက် သွေးတိုးပြီး ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ရုတ်တရက် သွေးတိုးတက်ချိန်တွင် ကျန်းမာရေးဝန်ထမ်းကို ခေါ်ယူခဲ့သေးသော်လည်း ညဦးပိုင်းအချိန် ဖြစ်သောကြောင့် သွားလာရေး ခက်ခဲသဖြင့် အချိန်ကုသခွင့် မရခဲ့ကြောင်း ၎င်းမိသားစုဝင်က ဆိုသည်။

ဦးအေးနိုင်၏ ရုပ်အလောင်းအား ၎င်း၏ဇာတိရွာဖြစ်သည့် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာတွင် (ယနေ့ ဇန်နဝါရီ ၃) ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးအေးနိုင်သည် တနင်္သာရီတိုင်း NLD ပါတီအလုပ်အမူဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ စည်းကမ်း ထိန်းသိမ်းရေး ဥက္ကဋ္ဌ စသည့်တာဝန်တို့ကို ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း တနင်္သာရီတိုင်း ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းတွင် သားသမီး လေးဦးရှိသည့်အနက် အကြီးဆုံးသမီးဖြစ်သူ ဒေါ်ခင်စန္ဒီမှာ လောင်းလုံးမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

ဒေါ်ခင်စန္ဒီသည် ၂၀၁၅ ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် NLD ပါတီကိုယ်စားပြု ပါဝင် ရွေးကောက်ခံရာ နှစ်ကြိမ်စလုံး အနိုင်ရရှိခဲ့သည်။

လက်ရှိတွင် ဒေါ်ခင်စန္ဒီကိုယ်တိုင်မှာလည်း တိမ်းရှောင်နေရသူဖြစ်သောကြောင့် ဖခင်၏ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း ဒေါ်ခင်စန္ဒီက ပြောသည်။

“အာဏာသိမ်းကတည်းက အိမ်ကနေထွက်လာတာဆိုတော့ အဲဒီအချိန်ကတည်းက အဖေနဲ့ မတွေ့ဖြစ် တော့ဘူး။ အခုအချိန်အထိပေါ့လေ။ အများကြီးလည်း ခံစားရပါတယ်။ ဒါပေမယ့်လည်း ဖြေနိုင်အောင် ကြိုးစားပါတယ်။ အဖေလျှောက်ခဲ့တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ တော်လှန်ရေးအောင်မြင်တဲ့အထိ သမီးတစ်ယောက်အနေနဲ့ အခြားရဲဘော်တွေနဲ့ပေါင်းပြီး ဆက်လျှောက်သွားမယ်လို့ သန္နိဋ္ဌာန်ပြုထား ပါတယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီး အချိန်မှစပြီး ယနေ့အချိန်အထိ မိသားစုဝင်အားလုံးနှင့် အဆက်အသွယ် မရှိတော့ကြောင်းလည်း ဒေါ်ခင်စန္ဒီက ဆိုသည်။