ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး အသတ်ခံရ

0
208
ကန်ချနဘူရီဒေသတွင်းသတင်းများ (Fb)

မောတောင်နယ်စပ်မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သွားရောက်လုပ်ကိုင်သည့် နေရာ တစ်ခု ဖြစ်သည့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း ကန်ချနဘူရီဒေသတွင်းသတင်းများက ရေးသားဖော်ပြ သည်။

ကန်ချနဘူရီခရိုင် စံခဘူရီမြို့နယ်ရှိ အပန်းဖြေစခန်းတခု၏ ရေချိုးခန်းတွင် အသက် ၂၉ နှစ်ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦး အသတ်ခံရခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

အဆိုပါ မြန်မာအမျိုးသမီးသည် ၎င်း၏သမီး၊ မောင်ဖြစ်သူနှင့် အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတို့နှင့်အတူ လွယ်အစ်ခရိုင်တွင် အလုပ်လုပ်ကိုင်ကြပြီး စံခဘူရီမြို့နယ်ရှိ အပန်းဖြေစခန်းသို့ အလည်အပတ်ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အပန်းဖြေစခန်း၏ အခန်းတစ်ခုတွင် အတူပါလာသည့် အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား အမျိုးသားက အမျိုးသမီး၏ မောင်ဖြစ်သူနှင့် သမီးတို့အား အခန်းပြင်သို့ နှင်ထုတ်ပြီး တံခါးလော့ချကာ အမျိုးသမီး၏ လည်ပင်းအား ကြိုးဖြင့်ညှစ်သတ် ထွက်ပြေးခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

အဆိုပါအမျိုးသားကို အခင်းဖြစ်နေ့တွင် ဖမ်းမိကြောင်း သတင်းများအရ သိရသည်။

အဆိုပါ အမျိုးသားနှင့် သေဆုံးသူအမျိုးသမီးတို့ တော်စပ်မှုနှင့် လည်ပင်းညစ်သတ်သည့် အကြောင်းအရင်းအား ‌သတင်းများတွင် ဖော်ပြ မထားသေးပေ။

သေဆုံးသူ အမျိုးသမီးအပါအဝင် သမီးနှင့် မောင်ဖြစ်သူတို့သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ နေထိုင်ကြသူများဖြစ်ကြကြောင်း ကန်ချနဘူရီဒေသတွင်းသတင်းတွင် ရေးသားထားသည်။

ကန်ချနဘူရီခရိုင် သည် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခရီခီရီခန်ခရိုင်မှ ၁၉၀ မိုင်ကျော်အကွာတွင် တည်ရှိသည်။