ထားဝယ်သပိတ် ဦးဆောင်သူတစ်ဦး ထောင်ဒဏ် ၁၁ နှစ် ချခံရ

0
219

နိုဝင်ဘာလ ၂၀ အထိ ထောင်တွင်း အမိန့်ချခံရပြီး အကျဉ်းကျခံနေရသူ ၄၀ ရှိ

ထားဝယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုချစ်နိုင်သည် ထောင်ဒဏ် ၁၁ နှစ် အမိန့်ချခံရကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဒီဇင်ဘာ ၁၃) ထုတ်ပြန်သည်။

ကိုချစ်နိုင်အား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပါအဝင် အမှုသုံးခုအတွက် ထောင်ဒဏ် ၁၁ ကျခံရန် ယခု ဒီဇင်ဘာလအတွင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထားဝယ်အကျဉ်းထောင်အတွင်းရှိ ထောင်တွင်းတရားရုံး (အထူးတရားရုံး) တွင် အမိန့်ချခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အသက် ၁၉ နှစ်အရွယ် ကိုချစ်နိုင်သည် ထားဝယ်တက္ကသိုလ်တွင် ပထဝီဘာသာ အဝေးသင် ပထမနှစ် ကျောင်းသားဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့က ထားဝယ်မြို့သစ် ၇ လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဝေယံကျော်အား ထောင်ဒဏ် ၉ နှစ် အမိန့်ချခဲ့ကြောင်း အဆိုပါကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦးသည်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅ (က) နှင့် အခြားဆက်စပ်ပုဒ်မများဖြင့် ထောင်ဒဏ် ၂ နှစ် ၆လ အမိန့်ချခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာလအတွင်းက လွတ်ငြိမ်းဖြင့် ပြန်လွှတ်ချိန်တွင် ထားဝယ်အကျဉ်းထောင်အတွင်း အမိန့်ချခံ ရပြီးသူ ၂၈ ဦး ကျန်နေခဲ့ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှ သိရသည်။

ထို့နောက် အောက်တိုဘာလ ၂၀ ရက်မှ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး ထပ်မံ အမိန့်ချခံထားရကြောင်း အဆိုပါကွန်ရက်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် နိုဝင်ဘာလ ၂၀ ရက်နေ့အထိ စာရင်းများအရ ထားဝယ်အကျဉ်းထောင်အတွင်း အမိန့်ချ ခံထားရသူ ၄၀ ဦးအထိ ရှိနေသေးကြောင်း ယင်းကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်မှ လက်ရှိအချိန်ထိ အဖမ်းခံရသူအရေအတွက်မည်မျှအား အမိန့်ချခဲ့ကြောင်းကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။

“(နိုဝင်ဘာ ၂၁) နောက်ပိုင်းကတော့ တော်တော်လေး အမိန့်ချတယ်လို့ ကြားရတယ်၊ ပြီးရင် နောက်ပိုင်း ရှေ့နေတွေ ဝင်ခွင့် မရဘဲ တော်တော်လေး တင်းကြပ်တာမျိုးရှိတယ်။ သတင်းက တော်တော်လေး ပြတ်နေတဲ့ အနေအထား ရှိတယ်” ဟု ယင်းတာဝန်ရှိသူက ပြောဆိုသည်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးချိန်မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း အဖမ်းခံရသူ ရှစ်ထောင် နီးပါးရှိပြီး လေးရာနီးပါးမှာ နှစ်ရှည်ထောင်ဒဏ်ချခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။