ပေါင် ရဲစခန်းတွင် အချုပ်သားများ အစုလိုက် ကိုဗစ်ကူးစက်ခံရ

0
266

မွန်ပြည်နယ် ပေါင်မြို့ မြို့မရဲစခန်းတွင် အကျဉ်းကျနေသည့် အချုပ်သားများ ကိုဗစ်-၁၉ ရောဂါ အစုလိုက် ကူးစက်ခံထားရကြောင်း သိရသည်။

ပေါင်မြို့မရဲစခန်းတွင် နေမကောင်းဖြစ်နေသည့် အချုပ်သားတစ်ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်ဆေးခဲ့ရာမှ ရောဂါပိုး စတင်တွေ့ရှိခဲ့သည်။

ထိုနောက် အဆိုပါ ကိုဗစ်ရောဂါပိုးတွေ့ရှိသည့် အချုပ်သားနှင့် ထိတွေ့ဆက်စပ်နေသည့် အချုပ်သား ၃၂ ဦးကို ထပ်မံစစ်ဆေးခဲ့ရာ အချုပ်သား ၁၆ ဦးတွင် ရောဂါပိုး ထပ်မံတွေ့ခဲ့ခြင်းဖြစ်ကြောင်း ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူထံမှ သိရသည်။

ရောဂါပိုးတွေ့ရှိသည့် အချုပ်သားများကို သီးခြားထားပြီး ဆေးကုသမှုပေးထားကြောင်း ၎င်းတို့၏ ကျန်းမာရေးအခြေအနေသည်လည်း ကောင်းမွန်နေကြောင်း သိရသည်။

ပေါင်မြို့နယ်အတွင်း အောက်တိုဘာလကတည်းက ကိုဗစ်ကူးစက်လူနာအသစ်များ တွေ့ရှိမှုမရှိခဲ့ဘဲ ယခု ဒီဇင်ဘာလအတွင်း၌ ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာကြောင်း ကိုဗစ်အရေး ကူညီပေးနေသူတို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် သြဂုတ်လခန့်မှစပြီး ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု လျော့နည်းကျဆင်းလာခဲ့ပြီး ဒီဇင်ဘာလအတွင်း မြို့နယ်အချို့တို့တွင် ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာခဲ့သည်။

လက်ရှိ ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည် တွေ့ရှိနေသည်မှာ ကိုဗစ်တကျော့ပြန်လာခြင်းမဟုတ်ဘဲ ကိုဗစ်တတိယလှိုင်းလက်ကျန်များသာဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတို့က ဆိုသည်။